မြန်မာ့ရေတပ် သစ်ဘုတ် တစ်စီးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ယူ

မြန်မာ့ရေတပ် သစ်ဘုတ် တစ်စီးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ယူ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ချ် နိုင်ငံသို့ သစ်များ တင်ဆောင်လာသော ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်းဆီးကာ ငွေသိန်း ၁၀၀ တောင်းယူ ထားလိုက်သည်ဟု သစ်ပိုင်ရှင် တစ်ဦးက ပြောသည်။

အမှတ် (၆၁၂) ရေတပ် သဘောင်္မှာ ယခုလို တန်းကေး အမျိုးအစား ဖြစ်ပါသည်။
မော်တော်ဘုတ်ပေါ်တွင် သစ်တန်ချိန် ၉၀ တင်ဆောင်လာပြီး  ကျောက်ဖြူမှ ၁၀မိုင်ခန့် အကွားအဝေးရှိ မုတ်ဆိုးမ ကျောက်တန်းအနီးတွင် စခန်းချနေသော သစ်ပုတ်တောင် ရေတပ်စခန်း လက်အောက်ခံ ရေတပ် သင်္ဘောအမှတ် (၆၁၂) မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ငွေကျပ်သိန်း ၁၀၀ တောင်းခံပြီးမှ လွှတ်ပေးလိုက်ကြောင်းကို ဘင်္ဂလားဒေ့ချ်နိုင်ငံ တက်ကနက်ဆိပ်သို့ ရောက်ရှိနေသည့် သစ်ကုန်သည် တစ်ဦးက နိရဥ္စရာသို့  ယခုလို ပြောသည်။

“ဇူလိုင် ၁၇ရက်နေ့ ညနေ ၃နာရီမှာ ဖမ်းခံထိတာပါ။ ကျပ်သိန်း ၁၀၀ တောင်းပါတယ်။ မြို့ကို အဆက် အသွယ် လုပ်ပြီး ငွေမှာယူရပါတယ်။ သိန်းတစ်ရာ ပေးပြီး နောက်မှာတော့ လွှတ်ပေးလိုက်ပါတယ်။ CDMA ဖုန်း တစ်လုံးကိုလည်း သိမ်းယူထားလိုက်ပါတယ်” ဟု ပြောသည်။

ကျပ်သိန်တစ်ရာမှာ အထူးများလွန်သဖြင့် သစ်သမားများ အနေဖြင့် အများကြီး ထိခိုက်နစ်နာခဲ့ရသည်ဟု သူက ဆိုသည်။

“ သိန်း ၁၀၀ မပေးရင် သစ်နဲ့ ဘုတ်ကို သိမ်းမယ်။ လူတွေကိုပါ ဖမ်းဆီး ထောင်ချမယ်ဆိုတော့ မပေးရင် ဒုက္ခ ပိုတွေ့နိုင်တာကြောင့် တောင်းတဲ့ ငွေကို ပေးလိုက်ကြရတာ ဖြစ်ပါတယ်။ သစ်တွေကို ဘင်္ဂလာကို သွားရောင််းရင်လည်း သိန်း ၁၀၀ အမြတ် ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ ကိုယ့်နိုင်ငံသား အချင်းချင်း ယူရင်လည်း နည်းနည်းပါးပါး မယူဘဲ ကိုယ့်ပြည်သူ လူထုကို ဒီလောက် နှိပ်စက်နေတာဟာ တော်တော် မတရားရာ ရောက်ပါတယ်” ဟု သစ်ကုန်သည်က ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ မြန်မာ့ ရေတပ်ကို အကြောင်း မကြားဘဲ တိတ်တိတ်ကလေး ခိုးထုတ်ရန် စီစဉ်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ မြန်မာ့ရေတပ်နဲ့ အဆက်အသွယ် လုပ်ပြီး သွားမယ်ဆိုရင် ဘုတ်တစ်စီးကို တောင်ကုတ်က ထွက်တာနဲ့ သံတွဲက ရေတပ်ကို ၂ သိန်း၊ ကျောက်ဖြူ ရေတပ် အကောက်ဂိတ်မှာ ကျပ်ငွေ ၂သိန်း၊  စစ်တွေ ဖရုံကာကျွန်း ရေတပ် အကောက်ဂိတ်မှာ ၂သိန်း၊ ရေချမ်းပြင် အကောက်ဂိတ်မှာ ၂သိန်း စုစုပေါင်း ကျပ်ငွေ ၈ သိန်းပေးပြီးမှ တက်ကနက် ဆိပ်ကမ်းကို ရောက်ပါတယ်။ အမြတ်ဆိုတာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် အလုပ်အကိုင် မရှိတော့ သွားလာ နေကြရတာ ဖြစ်ပါတယ်” ဟုပြောသည်။

ဘင်္ဂလားဒေ့ချ် နိုင်ငံ တက်ကနက် ဆိပ်ကမ်းတွင် သစ်စျေးနှုန်းမှာ  ကျွန်းသစ် တစ်ဖုတ် (ဒေသအတိုင်း အတာ) လျှင် တာကာ ၅၅၅၀၊ ကန်းညင် တစ်ဖုတ်ကို တာကာ ၁၅၀၀ ရှိသည်ဟု သိရသည်။ တစ်တန်တွင် သစ်ဖုတ် ၅၀ ရှိပြီး ဘင်္ဂလာ တာကာနှင့် ကျပ်ငွေ လဲလှယ်ရာတွင် ဘင်္ဂလာ တာကာ ၁၀၀ကို မြန်မာကျပ်ငွေ ၉၆၀ ရှိသည်ဟု သိရသည်။

ယခု ဖမ်းဆီးခံခဲ့ရသော ဘုတ်မှာ ကျောက်ဖြူမြို့မှ စီးပွားရေး သမား တစ်ဦး ပိုင်ဆိုင်ကြောင်း သိရသည်။

Most read this week