ကရင်ပြည်နယ်ရှိ ကျေးရွာနေလူထုများ လိုအပ်နေသည့် လောင်စာအခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း တတ်ရန်အတွက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPမှ ဥပဒေအကြံပေး စောမင်းအောင်လင်းက ထင်းဥပဒေမူကြမ်းကို ပြည်နယ်လွှတ် တော်ထံသို့ တင်ပြထားသည်ဟု သိရသည်။
မြို့နေလူဦးရေထက် ကျေးလက်နေလူဦးရေမှာ များပြားသည့် ကရင်ပြည်နယ်တွင် လျှပ်စစ်မီးပုံမှန်မရရှိ သေးသဖြင့် အများစုမှာ ချက်ပြုတ် စားသောက်ရာတွင် ထင်းကိုသာ ဦးစားပေး သုံးစွဲနေရသည့်အပြင် အိမ်မိုးအဖြစ် အသုံးပြုသည့် အင်ဖက်များလည်း ရှားပါးလာကာ ဒေသ ခံလူထုမှာ အခက်အခဲများ ကြံုတွေ့နေရသဖြင့် ထင်းဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း PSDP ဥပဒေအကြံပေးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “အရင်တုန်းကဆို ထင်းတို့၊ အင်ဖက်နဲ့ ၀ါးတို့ဆိုရင် အလွယ်တကူရတယ်။ နောက်ပိုင်းကျတော့ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ လာပြီး ကျေးရွာမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေနေရာမှာ ရာဘာနဲ့အခြားအစား ထိုးသီးနှံတွေ စိုက်လာကြတော့ အခုဆိုရင် ထမင်းချက်ဖို့ ထင်းရှာရတာတောင် တော်တော်ခက်နေပြီ။ ရေရှည်မှာဆိုရင် ဒီထက်ပိုပြီး ခက်ခဲလာတော့မယ်”ဟု ပြောသည်။
ထင်းဥပဒေမူကြမ်းကို ကရင်ပြည်နယ်လွှတ်တော်သို့ ဇူလိုင်လ ၁၇ရက်က စာတင်ခဲ့ပြီး ယခုကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော် အပြီး ပြည်နယ်လွှတ်တော်ကျင်းပချိန် ရောက်မှသာလျှင် ဆွေးနွေး၊ ဆုံးဖြတ်နိုင်ရန် ကြိုတင် စာတင်ထားခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။
အဆိုပါ ထင်းဥပဒေမှုကြမ်းကို ရေးဆွဲရာတွင် သက်ဆိုင်ရာ အစိုးရသစ်တောဌာနများ၏ ဥပဒေများကို လေ့လာခြင်း၊ တတ်သိနားလည် သော ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ခြင်း၊ ဒေသခံလူထုများနှင့် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ပြီးမှသာလျှင် ဥပဒေမူကြမ်းကို ပြည်နယ် လွှတ်တော်သို့ တင်ခြဲ့ခင်းဖြစ်သော်လည်း မူကြမ်းထဲတွင် ပါ၀င်သည့်အချက်အလက် အသေးစိတ်ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးပေ။
စောမင်းအောင်လင်းက “ဒီကိစ္စဖြစ်နေတာ ကျနော်တို့ ကရင်ပြည်နယ် နေရာအနှံ့အပြားပဲလေ။ အခုကစာတင် ထားတာပဲ ရှိသေးတယ်။ လွှတ်တော်ထဲရောက်ပြီး တရားဝင်ဖြစ်တော့မှပဲ အဲဒီအထဲမှာ ဘာတွေပါတယ်ဆိုတာ ကို ပြောပြလို့ရမယ်”ဟု ဆိုသည်။
လက်ရှိအနေအထားအရ သစ်တောများပြုန်းတီးလာပြီဖြစ်၍ ကျေးရွာနေ ဒေသခံများအနေဖြင့်လောင်စာများ ကို စနစ်တကျ ထုတ်ယူသုံး စွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြရန် သက်ဆိုင်ရာကျေးရွာလူ ထုနှင့် သစ်တောရေးရာဝန်ထမ်းများ ပူးပေါင်းလုပ်ဆောင် သင့်သည်ဟုလည်း ဝေဖန်ပြောဆိုသူများလည်း ရှိသည်။
“ဒီထင်းဥပဒေတွေက တင်သင့်တာကြာလှပါပြီ။ ရွာမှာက အဓိက ထင်းကိုပဲ အားကိုးပြီး ချက်ပြုတ်နေ ရတာလေ။ မိုးတွင်းဆိုရင် ထင်းက ရှာလို့ မကောင်းတော့ဘူး။ နွေကတည်းက ထင်းတွေ စုထားရတာလေ။ အခုဆိုရင်တော့ စုဖို့နေနေသာသာ ထင်းရှာလို့တောင် မလွယ် တော့ဘူး”ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမှာ လူနေထိုင်ရန်နှင့် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ထင်း၊ မီးသွေး အသုံးပြုခြင်း၊ သစ်ကို စီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ခြင်း၊ တောမီးလောင်ခြင်း၊ စားအုန်းဆီထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ တိရိစ္ဆာန်စားကျက်ချခြင်းများ ကြောင့်ဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် သစ်တောပြုန်းတီးမှု ပိုမိုမြင့်တက်နေကြောင်း သစ်တောပညာရှင်များက ဆိုသည်။