လူငယ်များ ကိုယ်ကျိုးမရှာသည့် မြင့်မြတ်သော အာဇာနည်စိတ်ဓာတ် မွေးကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားသွားသည်။
လူထုပရိသတ် ၂,ဝဝဝ ကျော်ခန့် တက်ရောက် ဂါရဝပြုခဲ့ကြသည့် NLD ရုံးချုပ်တွင်ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်စိတ်ဓါတ် မွေးမြူလေ့ကျင့်ကြရန် မြန်မာလူငယ်များကို တိုက်တွန်းပြောကြားသွားခြင်း ဖြစ်သည်။
“ကျမတို့ လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့ နေနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်အောင် လို့ လေ့ကျင့်ကြပါ။ လေ့ကျင့်ယူလို့ရှိရင် ရပါတယ်။ အာဇာနည် စိတ်ဓါတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထား တခုလည်း ပါပါတယ်။ ကိုယ်ကျိုးရှာတဲ့စိတ် ပါသွားပြီဆိုရင် ကိုယ့်ရဲ့တိုးတက်ရေး အတွက်၊ ကိုယ့်ရဲ့ကိုယ်ကျိုး ကြီးပွားရေးအတွက် ဆိုတာကို သိပ်ပြီးတော့ အလေးထားသွားပြီဆိုရင် ဒါဟာ အာဇာနည် မဟုတ်တော့ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အာဇာနည်ခေါင်းဆောင်များ များများမွေးထုတ် ပေးနိုင်ရန် ပညာရေးစနစ်ကို ပြုပြင်ရန်လိုအပ်သည်ဟု ပြောဆိုသွားသည်။ မိဘများအနေဖြင့်လည်း သားသမီးများကို ပြုစုပျိုး ထောင်ပေးပါရန် တိုက်တွန်းသွားခဲ့သည်။
“ပညာရေးစနစ် ပြုပြင်ပြီးတော့မှ ပိုပြီးတော့ အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံသူ နိုင်ငံသားတွေကိုပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်း တာဝန်ရှိပါတယ်။ မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့ အတွေးအခေါ်တွေ မှန်ကန်တဲ့ သဘောထားတွေ ရှိအောင်လို့ လုပ်ပေးရမှာပါ။ အဲဒီလိုလုပ်ပေးမှ ကျမတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည် ဖြစ်လာပါလိမ့်မယ်” ဟု ဆက်လက်ပြောသွားသည်။
၆၅ နှစ်မြောက် အာဇာနည်နေ့တွင် NLD မှလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလူမျိုး အချင်းချင်း အမှန်တကယ် ချစ်ကြည်ရင်းနှီးမှုရှိပြီး တဦးနှင့်တဦး ယုံကြည်မှုအပြည့်အဝရှိရန်တိုက်တွန်း ထားသည်။
အစိုးရ ဝန်ထမ်းများနှင့် ပတ်သက်၍လည်း “အစိုးရ အရာထမ်း အမှုထမ်းများသည်လည်း ကိုယ်ကျိုးမရှာဘဲ ပြည်သူ့ အကျိုးကို လေးစားစွာဆောင်ရွက်ကြလျက် ပြည်သူများ အကြည်ညို မပျက်စေရန် အထူးသတိထား ကြရပေမည်” ကြေညာချက်အတွင်း တိုက်တွန်းရေးသားထားသည်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျဆုံးသွားကြသည့် သူ၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်များကို သွားရောက် ဂါရဝပြုခဲ့သေးသည်။
အစိုးရဘက်မှလည်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဦးအောင်ကြည်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုခဲ့ကြသည်။
အာဇာနည် ၉ ဦးဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေး တို့သည် ဗြိတိသျှကိုလိုနီ အုပ်စိုးမှုလက်ထက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် မသမာသူတစု၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။