အပစ်ရပ်နယ်မြေ ဒေသခံများအတွက် အစိုးရထုတ်ပေးသော ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ်ကိုင် ဆောင်သူများ ခရီးသွားလာရာ၌ အခြားဒေသခံများနည်းတူ အခွင့်အရေး အပြည့်အဝမရရှိကြောင်း အထူးဒေသ ၄ ခရီးသည်များကပြောသည်။
“ အစိုးရကထုတ်ပေးထားတဲ့မှတ်ပုံတင်ဘဲဗျာ။ အာဏာပိုင်တွေက တရားမဝင်သေးဘူးပြောတယ်။ မယ်ဆိုင်ဘက်ကမ်းပေးမကူးတာ အခုမှမဟုတ်ဘူး။ ဖြစ်လာတာတော့ကြာပြီ။ မိုင်းလားနယ်ထဲကလူ တင်မဟုတ်ဘူး။ ၀ နယ်ထဲကလူတွေလဲ အဲလိုကြုံ ရတယ်ပြောတယ်” ဟု အခက်အခဲကြုံခဲ့ရသည့် စိုင်းမုက ပြောပါသည်။
၂၀၁၀ ရွေးကောက်ပွဲအမှီ အစိုးရ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဒေသအတွင်း လာရောက် လုပ်ဆောင် ပေးသော အဆိုပါကဒ််ပြားများကိုင်ဆောင်သူများသည် အခြားခရီးသွားများထက် လမ်းခရီး၌ ပိုမိုစစ် ဆေးမေးမြန်းခြင်းခံရကြောင်း၊ ကားပေါ်မှ ခေါ်ဆင်းပြီး ဌာနဆိုင်ရာအကြီးအကဲများအား သွားရောက် တွေ့ဆုံ၍ အစစ်အဆေး ခံရကြောင်း၊ ဝန်ခံကတိလက်မှတ်ထိုးပြီးမှသာခရီးဆက်ခွင့်ပြု ကြောင်း၊ ကျိုင်းတုံအထွက်ဂိတ်၊ မိုင်းဖြတ်ဂိတ်၊ တာချီလိတ်မရမ်းဂိတ်တို့၌ အထူးစစ်ဆေးကြောင်း၊ ဗမာစကားကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ပါက ပိုက်ဆံကျပ်သောင်းချီတောင်းယူကြောင်းတခြား ခရီးသွားများအတွက်လည်း လမ်းခရီးပိုမိုကြန့်ကြာစေခဲ့ကြောင်း စိုင်းယီ့လုံက ပြောပြပါသည်။
“ကျနော်တို့လဲ ပန်းရောင်မှတ်ပုံတင်ကိုင်တာဘဲ။ မှတ်ပုံတင်ရှေ့မျက်နှာမှာလဲ ၁၃/ မယန (နိုင်) နဲ့ ဂဏန်း ၆ လုံးပါတာဘဲ။ ဒါပေမယ့် တာချီလိတ် မယ်ဆိုင် တံတားမှာ ကျနော်တို့ကို ဖြတ်သန်းခွင့် မပေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မှတ်ပုံတင်နောက်ကျောမှာ ၁၃/ မယန (ယာ) လို့ရေးထားတာကိုး” ဟု အဆိုပါ မိုင်းယန်းဒေသခံ စိုင်းယီ့လုံ ကဘဲ ဆက်ပြောပြပါသည်။
သာမာန်နိုင်ငံသားတယောက်ကိုင်ဆောင်သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားကိုင်ဆောင်သော်လည်း ယခုကဲ့သို့ ခွဲခြားခံရသည်မှာ ယခင်စစ်အစိုးရ၏ ခွဲခြားဆက်ဆံရေးပေါ်လစီ ဆက်သုံးနေဆဲဖြစ်ကြောင်း မိုင်းလားဒေသခံစိုင်းမု ကပြောသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သျှမ်း-ထိုင်းနယ်စပ်နေ သျှမ်းပြည်တပ်မတော်မှတာဝန်ရှိပုဂ္ဂိုလ်များက ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းဆွေးနွေးပြီးနောက်ပိုင်း RCSS/SSA အဖွဲ့ဝင်များအတွက် အစိုးရ ဖက်မှလုပ်ပေးသည့် နိုင်ငံသားစီစစ်ရေးကဒ်ပြား သွားရောက်ထုတ်ယူအသုံးပြုရန် မသင့်လျော်သေးဟု မြင်ကြောင်း၊ နှစ်ဦးနှစ်ဖက် နိုင်ငံရေးဆွေးနွေးပြီးသည်အထိစောင့်ရမည်ဟုယူဆကြောင်း သျှမ်းသံတော် ဆင့်သို့ပြောပြသည်။
မြန်မာအစိုးရနှင့် အပစ်ရပ်ကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် ကရင် အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင်လည်း အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအား ယာယီတာထုတ်ပေးထားသောကြောင့် လက်ရှိအစိုးရသည် ခွဲခြားဆက်ဆံမှုပြုလုပ်နေသည်ဟု KNU က စွပ်စွဲပါသည်။
ဧပြီလကုန်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းရောက်ရှိစဉ် ၂၀၁၄ ကစ၍ မြန်မာနိုင်ငံလူဦးရေကို ကမ္ဘာ့စံနှုန်းနှင့်အညီကွင်းဆင်းကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီကပြောပြီး ကတိပြုစာချုပ်၌ လက်မှတ် ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြားကို နိုင်ငံသားတိုင်းက အသက် ၁၀ နှစ်ကစ၍ လုပ်ကြသည်။ ၁၈ နှစ်တွင်တကြိမ် ၃၅ နှစ်တွင်တကြိမ် ၄၅ နှစ်တွင်တကြိမ် ကတ်ပြားသက်တမ်းတိုးကြရသည်။