မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေတွင် ရုံးတင်

မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေတွင် ရုံးတင်
by -
နိရဥ္စရာ

မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး စစ်တွေ အကျဉ်းထောင်သို့ လွဲပြောင်းခံရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား ယမန်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

စစ်တွေ အကျဉ်းထောင်ကို လုံခြံုရေး ယခုလို တင်းကျပ်ထားသည်။ (ဓါတ်ပုံ- နိရဥ္စရာ)
“ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အတွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ဒေါက်တာ ထွန်းအောင်အား  အင်္ဂါနေ့က နေ့လည်တွင်  ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ  အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင်ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။

“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြံုရေး ယူထားပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါက်တာ ထွန်းအောင် မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဥ္စရာမှ ဆက်လက် စုံစမ်းမေးမြန်း နေတုန်း ဖြစ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့  နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်)  နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR  ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင် ဇွန်လ ၈ ရက်နေ့က  စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့  ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး  ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဥ္စရာမှ သီးခြားအတည်မပြုနိုင်ခြင်း မရှိိသေးပါ။

Most read this week