ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ ဒေသတွင်း လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးရေး၊ ကျောင်းပညာရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။
“ကျနော်တို့က နိုင်ငံတည်ဆောက်ရေးမှာ တည်ဆောက်ဖေါ် တည်ဆောက်ဖက်အနေနဲ့ အကြံဉာဏ်တွေ ပေးကြဖို့၊ အတူတူ ဝိုင်းလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာပါ။ ပြည်နယ်တွေကတော့ သူတို့ ဆိုင်ရာပြည်နယ်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ရရှိရေး အဲဒါတွေမှာ လိုအပ်တာတွေကို အကူအညီပေးဖို့ တင်ပြပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။
“သမ္မတကတော့ သူတို့ကလည်း အစီအစဉ်တကျ လုပ်နေတယ်ပေါ့လေ။ အခု တင်ပြတာတွေထဲက ဖြစ်နိုင်တာတွေကို ချက်ချင်း လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဦးသုဝေ က ဆက်ပြောသည်။
ထို့အပြင် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ၁ဝ ပါတီ ခေါင်းဆောင်များသို့ သမ္မတ က ပြန်လည်ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။
ဆွေးနွေးပွဲတွင် ဦးခင်မောင်ဆွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဖြေရှင်းနိုင်ရန် တင်ပြခဲ့သည်ဟုလည်း မဇ္ဈိမကို ပြောသည်။
NDF ၏ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာသန်းငြိမ်း ကလည်း လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက် တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒနယ်တခုအတွင်း ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ပြိုင်ပါက မဲတမဲ အသာဖြင့်ပင် အနိုင်ရသည့် စနစ် ဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ကိုယ်စားပြုနိုင်ရန် လာမည့် ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကို ပြောင်းလဲ အသုံးပြုရန် ဆွေနွေးတင်ပြခဲ့သည်ဟု သိရသည်။
ထိုတင်ပြချက်နှင့်ပတ်သက်၍ “သမ္မတက ဒီစနစ်တခုဟာ လူအများစုကို အကျိုးပြုတာဆိုတော့ သူလည်းပဲ သဘောကျ တာ ရှိပါတယ်။ ဒီကိစ္စကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အားလုံးလည်း သဘောတူမယ်ကောင်းတယ်ဆိုရင်တော့ လုပ်ကြမယ်ပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေ က ပြောသည်။
အဆိုပါ သမ္မတနှင့် တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီခေါင်းဆောင် ၁၂ ယောက် တက်ရောက်ခဲ့ကြသည်။ အစိုးရ ဘက်မှ သမ္မတ ဦးသိန်းစိန်နှင့်အတူ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် ၁ဝ ပါတီ ခေါင်းဆောင် များအား ပြောကြားခဲ့ပြီး “ကျနော်တို့လည်း အဲဒါပဲ လုပ်နေတယ်၊ ကျနော်တို့လည်း လိုလားတယ်ပေါ့လေ။ နောက် ဒီလို ကာလမှာ တယောက်နဲ့တယောက် သံသယတွေထားပြီးတော့ အငြင်းပွားနေကြရမယ့် အချိန် မဟုတ်တော့ဘူး။ အားလုံး စုပေါင်းပြီးတော့လုပ်ဖို့ ကြိုးစားမယ်။ ကျနော်တို့ကလည်း တိုင်းပြည်အတွက် ပူးပေါင်းပြီး လုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု ဦးသုဝေက မဇ္ဈိမကို ပြောဆိုသွားသည်။