တရုတ်နယ်စပ် ဒုက္ခသည်စခန်းတွင် နေရာထိုင်ခင်းခက်ခဲမှုရှိဟု ကချင်ငြိမ်းချမ်းရေးကွန်ယက် ပြော

တရုတ်နယ်စပ် ဒုက္ခသည်စခန်းတွင် နေရာထိုင်ခင်းခက်ခဲမှုရှိဟု ကချင်ငြိမ်းချမ်းရေးကွန်ယက် ပြော
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်အကူညီပေးကာ ကွင်းဆင်းလေ့လာ ခဲ့သော ရန်ကုန်အခြေစိုက် ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့သည် ဒုက္ခသည်စခန်းအတွင်း မိသားစုများ နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။

အင်ခေါင်းပါ စခန်း
ဇူလိုင်လ ၄ ရက်မှ ၁၂ ရက်နေ့တွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်း (၆)ခုတွင် ရန်ကုန်အခြေစိုက် ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ ဦးဆောင်ကာ One More၊ နှောင်ကြိုးမဲ့ ကွန်ယက်၊ ပန်းရဲ့လမ်း၊ ကလေးချစ်သူများကွန်ယက်၊ ပျိုးခင်းသစ် (မအူပင်)၊ မြန်မာတိုင်းမ် စသည့် အဖွဲ့အစည်း (၇)ဖွဲ့ သွားရောက်လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းအချို့တွင် စခန်းများကို ၀ါးဖြင့်ကောင်းစွာတည်ဆောက်ပြုလုပ်ပေးထားသော်လည်း နေရာထိုင်ခင်းကျဉ်းပြီး မိသားစု ၁၀ ယောက် ၁၂ ယောက် စုပေါင်းနေရသောကြောင့် နေရာမလုံလောက်မှု အခက်အခဲရှိနေကြောင်း အဖွဲ့ဝင် မ မယ်စပါယ်ဖြူ ကပြောသည်။

ထို့ပြင် “ကလေးတွေရဲ့ ပညာရေး စာသင်တဲ့အခါမှာလည်း အရမ်းခက်တယ်။ ကျောင်းဖွင့်ထားတာလည်း နာမည်ပဲလေနော်။ တချို့စခန်းတွေမှာ စာသင်ခန်းလည်း မရှိဘူး။ လူတွေနေတဲ့နေရာမှာပဲသင်နေရတယ်။ ပုံနှိပ်စာအုပ်တွေလည်းမလောက်ဘူး။ စားပွဲ ထိုင်ခုံလည်းမရှိဘူး မြေကြီးမှာပဲ အခင်းခင်းပြီး စာသင်ရတဲ့ အခြေအနေတွေလည်းရှိတယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မ မယ်စပါယ်ဖြူ ကချင်သတင်းဌာနသို့ပြောသည်။

၎င်းအဖွဲ့အစည်းများမှ ဖုန်လွမ်ယန် (Hpunglum Yang)၊ ဂျေယန့် (Je Yang)၊ ဝေကြိုင် (Woi Chyai)၊ အင်ခေါင်းပါ (N’Hkawng Pa)၊ ပါကထောင် (Pa Kahtawng)၊ လားယိန်း (Lah Ying) စသည့် ဒုက္ခသည်စခန်းများတွင် သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်စခန်း (၆)ခု အတွက် လိုအပ်ရာတွင်သုံးနိုင်ရန် ကျပ်ငွေ ရ၇ သိန်းကို စခန်းကူညီရေးကော်မတီများထံသို့ လှူဒါန်းခဲ့ကြောင်း ဆက်ပြောသည်။

ယခုလို သွားရောက်လေ့လာခြင်းသည်လည်း အခြားအဖွဲ့အစည်းများမှ ကချင်ဒုက္ခသည်များ၏ အခက်အခဲ လိုအပ်ချက်များကို တွေ့မြင်ခံစားပြီး ပိုမိုကူညီထောက်ပံ့လာနိုင်ရန် ရည်ရွယ်ချက်ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းက ပြောသည်။

“ဒီတစ်ခေါက်ကထူခြားတော့့မကူညီနိုင်ဘူး။ ဒါပေမဲ့ အခုသူတို့မိုးရာသီလည်းရောက်လာပြီ။  သူတို့ဆီမှာအခက်အခဲတွေအများကြီးပဲ။ ကူညီမယ့်လူတွေလည်းမျက်မြင်သွားတွေ့ထားတော့ဒီထက်ပိုပြီး ကောင်းအောင်ထိရောက်တဲ့အကူအညီတွေရရှိလာဖို့ဖြစ်တယ်။ အခုကျနော်တို့သွားတဲ့အထဲက တချို့အဖွဲ့ တောင်မှဆက်ပြီးသွားကူညီဖို့အကူအညီပစ္စည်းတွေတောင်စုဆောင်းနေကြပြီး မကြာခင်တော့ ပြန်သွားရောက်ကူညီဖို့ပြင်ဆင်နေတယ်” ဟု ပြောသည်။
အင်ခေါင်းပါ စခန်း
၄င်းတို့အဖွဲ့များသည် ဒုက္ခသည်စခန်းအတွင်း တွေ့မြင်ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တစ်နေရာတွင် ဇူလိုင် ၁၆ နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြသေးသည်။

သတင်းစာရှင်လင်းပွဲသို့ လူ ၁၀ ဦးခန့်သာ တက်ရောက်မည်ဟု ခန့်မှန်းထားသောလည်း ၅၀ ဦးခန့်တက်ရောက်ရာတွင် သတင်းမီဒီယာများ ၂၀ ကျော်ပါ၀င်ပြီး ကချင်ဒုက္ခသည်အကြောင်းများကို အားတက်တရော မေးမြန်းခဲ့သည်ဟု ပါ၀င်တက်ရောက်သူ ဆရာမ နန်ပူ ကပြောသည်။

၎င်းအဖွဲ့အစည်း ၆ ခုတို့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်၊ ဒု-စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဂွမ်မော်၊ စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေးကော်မတီများ၊ စစ်ပြေးဒုက္ခသည်စခန်း အသီးသီး၏စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ မီဒီယာအဖွဲ့များနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ကို ကချင်လူငယ်အဖွဲ့ဝင် ၂၀ ဦးခန့်ဖြင့် ၂၀၁၂ မေလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့သည် ပြည်သူလူထု၏အခန်းကဏ္ဍလိုအပ်ချက်၊ အသံများကို ပြောဆိုတင်ပြနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကချင်လူငယ်အဖွဲ့ဝင် ၂၀ ဦးခန့်ဖြင့် ၂၀၁၂ မေလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

Most read this week