ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သဲခုံရွာအနီးတွင် မြန်မာ့ရေတပ်နှင့် အမည်မသိ အဖွဲ့တစ်ခုတို့ အကြား ဇူလိုင်လ ၁၅ရက်နေ့ နံနက် မိုးလင်း အာရုံတွင် ပစ်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
“ ဇူလိုင်လ ၁၅ရက်နေ့ မနက် ၅နာရီခွဲမှာ စက်လှေ ၃စီး ပေါက်တောမြို့နယ် အနောက်ဘက် စစ်ကဲရွာဘက်ကို ၀င် လာတယ်ဆိုပြီး သတင်းရတယ်လို့ သိရပါတယ်။ အဲ ဒီစက်လှေတွေ ကို ရေတပ်က လိုက်ပြီးတော့ စုံစမ်းတဲ့အခါ အဲဒီကနေ ပြန်ထွက်လာတယ်လို့ ယူဆရတဲ့ စက်လှေတစီးနဲ့ သဲခုံရွာအနီးမှာ တွေ့တယ်လို့ သိရတယ်။ အဲဒီစက်လှေမှာ ပါလာ တဲ့ သူတွေက မြန်မာ့ ရေတပ်ကို စပစ်တယ်လို့ကြားတယ်။ သူတို့က ပစ်တဲ့အတွက် မြန်မာ့ရေ တပ်က ပြန်ပစ်တော့ ရင်ဘက်မှာ တယောက်ဒဏ်ရာရတယ်” ဟု ပေါက်တော ဒေသခံ တစ်ဦးက သူကြားသလောက်ကို ပြောပြသည်။
၎င်းနေုာက်ပိုင်းတွင် စက်လှေပေါ် ပါလာသော အုပ်စုုသည် ထွက်ပြေး၍ မလွှတ်မြောက်မှန်း သိသဖြင့် ပါလာသော သေနတ်များကို ချောင်းထဲလွှင့်ပစ်ခဲ့သည်ဟု သိရှိရကြောင်းသူက ဆိုသည်။
“ အခု ကျွန်တော်တို့ ကြားတာက ချောင်းထဲကို လွှင့်ချပစ်တဲ့ သေနတ်တွေကို ရေတပ်က ရရှိဖို့အတွက် ကြိုးစား ရှာဖွေနေတယ်လို့ ကြားရပါတယ်။ လောလောဆယ်တော့ ဖမ်းဆီးလာတာက ၈ယောက်ပါ။ တယောက်က ဆေးရုံတင်ထားတယ်။ နောက် ရယောက်ကို စစ်တွေ ထောင်ကို ပို့ထားတယ်” ဟု စစ်တွေမြို့မှ ကိုခိုင်ကောင်းစံက နိရဥ္စရာသို့ ပြောသည်။
Yangon Press International (YPI) က ဖေါ်ပြသော သတင်းတွင် ပစ်ခတ်မှုကြောင့် ဒဏ်ရာရ သူမှာ အဒူဆလင်(၂၅နှစ်) ဖြစ်ကြောင်း၊ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ထားကြောင်း၊ စက်လှေပေါ်တွင် အမျိုးသား ရှစ်ဦးပါရှိပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းနေကြောင်း၊ သူတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှ ၀င်လာသူများဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြသည်။
ဖမ်းဆီးခံထားရသူများမှာ စစ်ဆေး မေးမြန်းရာ ဘင်္ဂလာဘက်ကနေ အဖွဲ့အစည်းတခု က စေလွှတ်ကြောင်း၊ သူတို့ အထဲတွင် ရခိုင်စကားကို မတောက်တခေါက် ပြောတတ်သူများ ပါ၀င်သည်ဟု ဆိုသည်။
“အာဏာပိုင်တွေက စစ်ဆေးချက်အရ ဘင်္ဂလာဘက်က အဖွဲ့အစည်းတခု က စေလွှတ်တယ် လို့ ပြောကြောင်း ကျွန်တော်တို့ သိရတယ်။ သူတို့လက်ထဲက ဘင်္ဂလာ မိုဘိုင်းလ်ဖုန်း ၂လုံးနဲ့ တာကာတချို့ သိမ်းဆည်းရမိတယ် လို့သိရတယ်” ဟု ကိုကောင်းစံက ဆက် ပြောပြသည်။
ထို့အပြင် ဖမ်းဆီးခံထားရသူများ ထွက်ဆိုချက်အရ စက်လှေတချို့ကျန်ရှိနေကြောင်း၊ ထိုစက်လှေ များကို ညနေ ၉နာရီခန့်တွင် စစ်တွေ လေးချိုင်းတောင်ဘက်၌ ရေတပ်အင်အား တိုးချဲ့ပြီး လိုက်လံရှာဖွေ နေရာ သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်နေကြောင်း စစ်တွေတွင် လူအများ ပြောဆိုနေကြသည်ဟု ဆိုုသည်။
သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရခိုင်ပင်ပြင်နှင့် စစ်တွေ အနီးတဝိုက် တွင် ရေတပ်အင်အား များကို တိုးမြှင့်ချထားသည်ဟု သတင်းရရှိသည်။
ယခုကဲ့သို့ သတင်းများ စစ်တွေမြို့တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း အစိုးရပိုင်းမှ အဆိုပါ သတင်းနှင့်် ပတ်သက်ပြီး ယခု အချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးပါ။