မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။
နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာအစိုးရအနေနှင့် တိုင်းပြည်တွင်း ဝန်ဆောင်မှုများ ပေးရန်အတွက် နိုင်ငံခြားကုမ္ပဏီ သုံးခုအထိ ဖက်စပ် လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုနိုင်သည်။
“ကျနော်တို့အနေနဲ့ နိုင်ငံသားတွေအတွက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုတွေမှာ ပိုမိုများပြားတဲ့ ရွေးချယ် စရာတွေ ပေးလိုပါတယ်။ ဒါဟာ လူတိုင်းအတွက် လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ အကျိုးဖြစ် ထွန်းစေမှာပါ” ဟု ဦးကျော်စိုးက ဆိုသည်။
အစိုးရအနေနှင့် မကြာမီ လအနည်းငယ်အတွင်း အကြံပေးတယောက်ကို ခန့်အပ်မည်ဖြစ်ပြီး ၎င်းအကြံပေး အရာရှိ အနေနှင့် မြန်မာပြည်တွင်း ရင်းနှီးလုပ်ကိုင်မည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီများအတွက် အဆိုပါ ကဏ္ဍ ဖွင့်လှစ်ရေးနှင့် ဘောင်စည်းမျဉ်းများအတွက် အကြံဉာဏ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းဌာနကြီးမှူး ဦးကျော်စိုးက ပြောဆိုသည်။
လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် လူ သုံးသန်းသာလျှင် တယ်လီဖုန်း တလုံး အသုံးပြုနိုင်သေးပြီး လာမည့် ၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်ကုန်တွင် ရ၅ ရာခိုင်နှုန်းထိ မြှင့်တင်ရန် ရည်ရွယ်ထားသည့်အတွက် လူဦးရေ သန်း ၄၀ မှာ ဖုန်းကိုင်ဆောင် အသုံးပြုလာနိုင်လိမ့်မည် ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။
ထိုသို့ နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့်အခါ အစိုးရအနေနှင့် ပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းထိ စွဲကိုင်ထားမည် ဖြစ်သည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဥပဒေအရ ဆက်သွယ်ရေး လုပ်ငန်းမှာ အခြေခံအားဖြင့် နိုင်ငံပိုင်ဖြစ်ပြီး အစိုးရသာလျှင် ဝန်ဆောင်မှုပေးနိုင်သည့် တဦးတည်းသော အခွင့်အရေးပိုင်ရှင် ဖြစ်သည်။ သို့သော် ဆက်သွယ်ရေး ဥပဒေသစ်တခုကို မူကြမ်းရေးဆွဲနေရာ အချောကိုင်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းဥပဒေ သစ်အရ ပုဂ္ဂလိက အခန်းကဏ္ဍများလည်း ခွင့်ပြုလာလိမ့်မည်ဟု ဦကျော်စိုးက ပြောဆိုသွားသည်။
မြန်မာနိုင်ငံသည် နိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် သတင်းအချက်အလက် ဝန်ဆောင်မှှုများ တိုးတက်ရေးအတွက် အလင်း ဖန်မျှင် fibre-optic ကွန်ယက် ကို နိုင်ငံအနှံ့ တည်ဆောက်လျက် ရှိနေသည်။ လက်ရှိ Fibre-optic ကွန်ယက်၏ အရွယ်အစားမှာ ကီလိုမီတာ ၁၀၀၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ကို ပြောဆိုသွားခြင်း မရှိပေ။