ဦးလထော်ဘရန်ရှောင်အမှု စစ်ဆေးရာတွင် တရားလိုဖြစ်သူ ဗိုလ်ကြီးကျော်စွာလင်း ပျက်ကွက်

ဦးလထော်ဘရန်ရှောင်အမှု စစ်ဆေးရာတွင် တရားလိုဖြစ်သူ ဗိုလ်ကြီးကျော်စွာလင်း ပျက်ကွက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြစ်ကြီးနား ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှ ဖမ်းဆီးထားသော ဦးလထော်ဘရန်ရှောင် အမှုနှင့်ပတ်သက်၍ အမှုစွဲဆိုခဲ့သော တရားလိုဖြစ်သူ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ စရဖ ဗိုလ်ကြီးကျော်စွာလင်းအား ယမန်နေ့ တရားရုံးတွင် အမှုစစ်ဆေးရန်ချိန်းဆိုထားသော်လည်း ၄င်းပျက်ကွက် ခဲ့သည်။

ဦးလထောင်ဘရန်ရှောင် အား ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ရဲနှင့် စရဖများ ဖမ်းဆီးခေါ်ဆောင်သွားစဉ်။
တရားလို အဓိကတရားစွဲဆိုသူ ဗိုလ်မှူးကျော်စွာလင်း၏ သက်သေနောက်တစ်ယောက်အဖြစ် ဒုစရိုက်နိမ်နှင်း ရေးတပ်ဖွဲ့မှ ဒုရဲအုပ်ကြီး အောင်မြသန်း လာရောက်ထွက်ဆိုခဲ့ကြောင်း ဦးဘရန်ရှောင်ရှေ့နေဦးမာခါးပြော သည်။

“အဓိကစစ်တာတော့ သူတို့က ဘရန်ရှောင်ကို ၂၀၀၄ မှ ၂၀၁၁ ထိ KIO ထိန်းချုပ်နယ်မြေမှာနေပြီး KIO ရဲ့ အလုပ်လုပ်ပြီး ဆက်သွယ်ပေးတဲ့သူလို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့က အဲဒီအတောအတွင်းမှာ သူ့ရဲ့ ခဲအိုတွေနဲ့ပဲအတူနေတဲ့ အကြောင်းတွေ။ ပြီးတော့ အဲဒီအတောအတွင်း သူရွှေမှော်မှာ ရွှေသွားကျင်ပြီး ဘယ်လောပန်း(သူဌေး)တွေမှာ သွားလုပ်နေခဲ့တယ်ဆိုတာတွေကို တင်ပြခဲ့တာပေါ့” ဟု ဦးမာခါးပြောသည်။

စစ်ဆေးရာတွင် ဦးဘရန်ရှောင်၏ရှေ့နေမှ ထိုသို့တင်ပြခဲ့သော်လည်း ဒုရဲအုပ်ကြီး ဦးအောင်မြသန်းမှ ဦးဘရန်ရှောင်အား ၂၀၀၄ မှ ၂၀၁၁ ခုနှစ်ထိ KIO ဘက်မှ တပ်ကြပ်ကြီးအဆင့်  တာဝန်ထမ်းဆောင်ကာ ဆက်သွယ်ပေးနေသူဟု သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးဘရန်ရှောင်အား တရားရုံးသို့ ခေါ်ဆောင်လာကာ  စစ်ဆေးမှုမပြုလုပ်သော်လည်း သူ့၏ ရရှိထားသော ဒဏ်ရာများကို တရားရုံးတွင် မှတ်တမ်းတင်ခဲ့သည်ဟု ဦးမာခါးပြောသည်။

ရှေ့နေဦးမာခါးမှ ဦးဘရန်ရှောင်နှင့်ပတ်သက်ပြီး အချက် ၃ ချက်တောင်းဆိုခဲ့ရာ တစ်ချက်ကိုလိုက်လျောခဲ့ပြီး ဦးဘရန်ရှောင်၏ ဒဏ်ရာများကို ဆရာဝန်ပါရဂူကြီးနှင့် ဆေးစစ်ချက်ယူရန်၊ ဓါတ်ပုံမှတ်တမ်းယူရန် နှင့် ဒဏ်ရာများကို တရားရုံးတွင် မှတ်တမ်းတင်ရန် တို့ဖြစ်ကြောင်းပြောသည်။

“တရားသူကြီး က ဒဏ်ရာကို တရားရုံးမှာ မှတ်တမ်းတင်ဖို့ တစ်ချက်ကိုပဲ လက်ခံတယ်။ ၂ ချက်တော့လက်မ ခံဘူး။ တရားရုံးကမပေးနိုင်ဘူးတဲ့။ အဲဒါကိုတော့ ထောင်ထဲမှာဘဲ သွားတောင်းပါလို့ ပြောတယ်” ဟု ဦးမာခါးပြောသည်။

လာမည့် ဇူလိုင်လ ၁၆ ရက်နေ့တွင်  ပြန်လည် ရုံးချိန်းရှိပြီး ၎င်းတွင် ဦးဘရန်ရှောင်အား အမှုစွဲဆိုခဲ့သော တရားလိုဖြစ်သည့် စရဖ ဗိုလ်ကြီးကျော်စွာလင်းနှင့် ထပ်မံစစ်ဆေးရန်ရှိကြောင်းသိရသည်။

အစိုးရစစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့များက ဂျန်မိုင်ကောင်နှစ်ခြင်းဒုက္ခသည်စခန်းတွင် တနှစ်ကျော်ခိုလှုံ နေသော ဦးလထော်ဘရန်ရှောင်အား မြစ်ကြီးနားတဝိုက်ဖောက်ခွဲသူအဖြစ် စစ်ဆေးရန်ဖမ်းဆီးပြီးနောက် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

Most read this week