ကချင်ဘာသာ မူလတန်း သင်ရိုးညွှန်းတမ်း ပြန်ဆိုရာတွင် ထောက်ပ့ံငွေ လိုအပ်

ကချင်ဘာသာ မူလတန်း သင်ရိုးညွှန်းတမ်း ပြန်ဆိုရာတွင် ထောက်ပ့ံငွေ လိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင်း မူလတန်းအောက်ဆင့်တွင် တိုင်းရင်းသားဘာသာ သင်ရိုးညွန်းတန်းဖြင့် သင်ကြားနိုင်ရန် ကချင်ဘာသာပြန်ဆိုရာတွင် ထောက်ပံ့ကြေးငွေမရရှိသေးသဖြင့် အခက်အခဲများရှိနေသည်ဟု သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးမှ ဇွန်လ (၁၅) ရက်နေ့တွင် တိုင်းရင်းသား ဘာသာ သင်ကြားနိုင်ရန် မြန်မာနိုင်ငံ ပြည်တွင်းရှိ တိုင်းရင်းသားများအား မူလတန်းအောက်ဆင့် သင်ရိုးညွှန်းတန်းကို ဘာသာပြန်ဆိုစေခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးမှ ဘာသာပြန်ဆိုရန် ထောက်ပံ့ရံပုံငွေကြေးအား ပြည်နယ်ပညာရေးဝန်ကြီးမှ ယူရန် နှုတ်ဖြင့် ညွှန်ကြားထားပြီးဖြစ်သော်လည်း ပြည်နယ်အစိုးရမှ လက်တလော မချပေးသေးခြင်းကြောင့် အခက်အခဲ ရှိနေသည်ဟု သိရသည်။

“ပြည်ထောင်စု ပညာရေးဌာနကတော့ ဘာသာပြန် ပံ့ပိုးမှုနဲ့ ကူညီဖို့ ပြည်နယ်အစိုးရကို ပြောပါတဲ့။ စာမရောက်လာလို့ ဘာမှ မကူညီပေးနိုင်ဘူးလေ။ ပံ့ပိုးမှု မရလို့ ကိုယ့်ဟာကိုယ် စိုက်သုံးနေရတယ်။ အကြီးပိုင်းတွေ အချိတ်အဆက် မရှိတော့ ခက်တယ်” ဟု သင်ရိုးညွှန်းတန်းအား ကချင်ဘာသာပြန်ဆိုနေသည့် ဒဿနိက ဗေဒ ပါမောက္ခချုပ် ဒေါက်တာ ကေရွယ်ဂျာက ပြောသည်။

မူလတန်းအောက်ဆင့်ဖြစ်သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းပါ မြန်မာစာအား တိုင်းရင်းသား ဘာသာ သင်ရိုးညွှန်တန်းဖြင့် ဘာသာပြန်ဆိုနေခြင်းဖြစ်သည်။

ကချင်ဘာသာပြန်ဆိုရန်အတွက် ထောက်ပံ့ငွေကြေး (၁၈) သိန်းကျော် ခန့် လိုအပ်ကြောင်း သိရသည်။
တစ်ယောက်လျှင် တစ်နေ့ ဓါတ်ဆီဖိုး ကျပ် (၂၀၀၀)၊ အစားအသောက်အတွက် တစ်ယောက်လျှင် (၁၀၀၀) ကျပ် ကုန်ကျမည်ဖြစ်ကြောင်း ဒေါက်တာ ကေရွယ်ဂျာမှ ဆိုသည်။

လက်ရှိတွင် မြန်မာစာ သင်ရိုးညွှန်းတန်း ကချင်ဘာသာပြန်ဆိုမှုတွင် ပြည်နယ်ပညာရေးမှူး ဆရာမကြီး လထော်ဂျာတောင်၊ ဖွံ့ဖြိုးရေးကျောင်းအုပ်(ငြိမ်း) ဆရာဆွမ်လွတ်တူးတို့မှ ပါဝင် ကူညီနေပြီး ဘာသာပြန်ဆိုမှု အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ပညာရေးဝန်ကြီးမှ တိုင်းရင်းဘာသာ သင်ရိုးညွှန်းတန်း ပြုစုရန် (၂) လအချိန်ပေးပြီး သြဂုတ် (၁၅) ရက်နေ့တွင် ထပ်မံ တွေ့မည်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Most read this week