မွန်မြတ်သောစိတ်ဓါတ်နှင့် ထက်မြက်သောအရည်အချင်း ၂ ခုစလုံးရှိမှသာ ပြည့်စုံကြောင်း သျှမ်းတော်လှန်ရေး ခေါင်းဆောင် တဦးဖြစ်သူ စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်း၏ ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်အောက်မေ့သတိရ သည့်အခမ်းအနား၌ RCSS/ SSA ခေါင်းဆောင်ကပြောသည်။
“ကျနော် စဝ်ကွဏ်းဇိဏ်းနဲ့အတူတူ ၄ နှစ်လောက်နေဖူးတယ်။ ဆရာက ကျနော့်ကို မွန်မြတ်သောစိတ်ဓါတ်( လူတကာကို ဒုက္ခမပေးတဲ့စိတ်ဓါတ်)နဲ့ ထက်မြက်သောအရည်အချင်း(အများကောင်းကျိုးအတွက် လုပ်ဆောင်ပေးတဲ့အရည်အချင်း) ၂ ခုစလုံးရှိအောင်ကြိုးစားဖို့ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ ထိုင်း-မြန်မာ နယ်စပ်ရှိ စဝ်ကွဏ်းဇိဏ်း၏ အုဋ်ဂူ၌ စဝ်ယွက်စစ် ကအခမ်းအနားတက်ရောက်သူများအားပြောကြားသည်။
အဆိုပါလွမ်းဆွတ် အခမ်းအနား၌ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်က ၂၀၁၅ ရွေးကောက်ပွဲ၌ သျှမ်းပြည်လူထုအားလုံး မဲပေးနိုင်အောင်ကြိုးစားရန်လိုအပ်ကြောင်းလည်း ပြောသည်။
“ကျနော်တို့သျှမ်းပြည်မှာ လူဦးရေ ၈ သန်းကျော်ရှိတယ်လို့ အရင်က အစီခံစာတွေအရသိရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျတော့ သျှမ်းပြည်မှာ သန်းခေါင်းစာရင်း ၂ သန်းကျော်လေးဘဲရှိတော့တယ်။ ၆ သန်းကပျောက်နေတယ်။ ၂၀၁၅ မှာလည်း ဒီလူတွေပြန်ပေါ်လာဖို့လိုတယ်” ဟု တိုက်တွန်းပြောဆိုခဲ့သည်။
မိမိတို့အမျိုးသားလွတ်မြောက်ရေးအတွက် သျှမ်းပြည်လူထုအားလုံးပူးပေါင်းတိုက်ပွဲဝင်ရမည်၊ မိမိအသည်း ကြားက မဲတပြား ပေးတာလည်း တိုက်ပွဲတခုဝင်နေတာနှင့်တူကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးလမ်းစဉ်၊ လက်နက်ကိုင်တိုက်ပွဲဝင်သည့် လမ်း စဉ် နှင့် ဘောပင်(မှင်) လက်နက်ကိုင်တိုက်ပွဲဝင်သည့်လမ်းစဉ်ဖြင့် မိမိပြည်နယ် မိမိလူမျိုးဆုံးရှုံးနေသည့် အခွင့်အရေးများ ပြန်လည်ရယူကြရန် စဝ်ယွက်စစ်က တိုက်တွန်းသွားပါသည်။
ဂျူလိုင်လ ၁၁ ရက်၌ကျရောက်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ SSRC ခေါင်းဆောင် စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်း၏ ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်အောက်မေ့ဂုဏ်ပြုသည့်အခမ်းအနားအား ယမန်နေ့မနက်ပိုင်းက ကျင်းပရာ လူ ၁၀၀ ခန့် တက်ရောက်သည်။ အခမ်းအနားအစီအစဉ်အရ သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် က အမှာစကားပြောကြားခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းတို့ဖြစ်သည်။ နေ့ဆွမ်းကို ပိန်းလုံအုပ်စုနေ စဝ်ကွဏ်းဇိဏ်း ၏ဇနီး မယ်ထောက်ယာအိမ်၌ ဆက်ကပ်ခဲ့ကြသည်။
စဝ်ကွဏ်းဇိဏ်းခေါ် ဗိုလ်မိုးဟိန်းသည် တော်လှန်ရေးအသိုင်းအဝိုင်းတွင် ချစ်ကြောက်ရိုသေ လေးစားမှုကိုခံ ယူရ ရှိခဲ့သော ပုဂ္ဂိုလ်တယောက်ဖြစ်သည်။