အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့၌ သောကြာနေ့တွင် တွေ့ဆုံရန်ရှိပြီး အမေရိကန်၏ စီးပွါးရေးပိတ်ဆို့ အရေးယူမှှု များ ဖြေလျှော့ပေးရေး အပါအဝင် အခြားကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင်ကျင်းပသည့် အာရှ အမေရိကန် စီးပွါးရေးလုပ်ငန်းများ အကြီးမားဆုံး စုဝေးမှုဖြစ်သည့် ညီလာခံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်လာသည့် ခရီးစဉ်အတွင်း မြန်မာသမ္မတနှင့် တွေ့ဆုံခြင်း ဖြစ်သည်။ တဆက်တည်းတွင် အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှှုများ တရားဝင် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်းလည်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာ ခဲ့သည်။
မြန်မာအစိုးရဘက်မှလည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွါးရေး ပြုပြင်ပြောင်းလဲမှု "ဒုတိယလှိုင်း" သို့ တက်လှမ်း နေချိန်တွင် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အားလုံး ရုပ်သိမ်း ပေးပါရန် မြန်မာ သမ္မတ ဦးသိန်းစိန်က ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သေးသည်။
ဦးသိန်းစိန်က ဗြိတိန် အခြေစိုက် Financial Times သတင်းစာသို့ ပြောကြားခဲ့ရာတွင် “အခုအချိန်မှာ နိုင်ငံအနေနဲ့ အရေးတကြီး လိုအပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှှုတွေ ပြုလုပ်ဖော်ဆောင် နိုင်ရေးအတွက် ဘဏ္ဍာရေး ပိတ်ဆို့မှု အပါအဝင် အခြား စီးပွါးရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အလွန်အရေးကြီးပါတယ်။” ဟု ဆိုခဲ့သည်။
ဟီလာရီကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ ခရီးစဉ်အဖြစ် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းက လာရောက်ခဲ့ သေးပြီး မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ဘဏ်လုပ်ငန်းစနစ်များတွင် အမေရိကန်နိုင်ငံမှ ကူညီရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် အမေရိကန်မှ ကူညီမည်ဟု ဟီလာရီ ကလင်တန်က ကတိပေးခဲ့သည်။
ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းစဉ်များ၊ အပစ်အခတ် ရပ်စဲ ခြင်း လုပ်ငန်းစဉ်များတွင် အမေရိကန်ဘက်မှ ကူညီပေးသွားမည်ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှု၊ ခရီးသွား လုပ်ငန်းများတွင် အမေရိကန်ဘက်မှ ကန့်သတ်ထားမှုများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများတွင် ကန့်သတ် ထားမှုများကိုလည်း လျော့ချ ရုပ်သိမ်းသွားနိုင်အောင် ကူညီသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သမ္မတနှင့် ဆွေးနွေးမှုတွင် ထည့်သွင်းပြောသွားခဲ့သည်။