ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌသစ် အဖြစ် ဦးအေးသာအောင်ကို ရွှေးချယ်တင်မြှောက်

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌသစ် အဖြစ် ဦးအေးသာအောင်ကို ရွှေးချယ်တင်မြှောက်
by -
နိရဥ္စရာ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ၏  ဥက္ကဌ အသစ် အဖြစ် ဦးအေးသာအောင်ကို ပါတီ ဗဟို ကော်မီတီ မျက်နာ စုံညီ အစည်းအဝေးက ရွှေးချယ်တင်မြှောက်လိုက်ကြောင်း သတင်း ရရှိသည်။ ၎င်းပြင် ဗဟိုကော်မီတီ ၀င် ၁၅ ဦးကိုလည်း ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု ဆိုသည်။

စစ်တွေမြို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီ မျက်နာစုံညီ စည်းအဝေးတွင် ထိုသို့ ရွှေးကောက် တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။ ဦးအေးသာအောင်ကို ပါတီ၏ ဥက္ကဌ  အဖြစ်၎င်း၊  ဦးစောမောင် ကို  အတွင်းရေးမှူး (၁) အဖြစ်၎င်း ရွှေးချယ် တင်မြောက် ခဲ့ကြကြောင်း  သိရသည်။

တခြားရွှေးချယ်တင်မြှောက်ခြင်း ခံရသော ခေါင်းဆောင်များမှာ ဦးသာဘန်း နာယက၊ ဒုဥက္ကဌ အဖြစ် ဆရာအေးကျော်၊ အတွင်းရေးမှူး (၂) အဖြစ် ဦးကျော်မြှင့်၊ ဗဟိုကော်မီတီဝင်များ အဖြစ် ဦးအုန်းရွှေ၊ ဒေါ်တင် ညိုအောင်၊ ဦးမျိုးကျော်၊ ဦးထွန်းညို၊ ဦးလှမောင်၊ ဦးကျော်ထွန်းအောင်၊ ဦးကျော်ဇောဦး၊ ဦးစောထွန်းစိန် (ပေါက်တော)၊ ဦးမောင်မြှင့် (မင်းပြား)နှင့် ဦးခင်မောင် (ဂွ) တို့ ဖြစ်ကြသည်။

ယခု ရွေးချယ် တင်မြှောက်လိုက်သော ဗဟိုကော်မီတီမှာ စုစုပေါင်း ၁၅ ဦး ဖြစ်သည်။

“ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒ သဘောထားက ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်လာဖို့၊ ပြည်တွင်းစစ်ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်သွားဖို့ဘဲ ဖြစ်တယ်။ အခု ဖွဲ့လိုက်တဲ့ ဗဟိုကော်မီတီတွေဟာ ဒီမူဝါဒတွေ အောင်မြင်ဖို့ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ပါတီဥက္ကဌ အသစ် ဖြစ်လာသူ ဦးအေးသာအောင်က နိရဥ္စရာသို့ ပြောသည်။

၎င်းပြင် ပါတီ အနေဖြင့် လယ်သမား၊ အလုပ်သမားများ အရေးကိုလည်း အဓိက ဦးစားပေး ဆောင်ရွက်သွား မည်ဟု ပြောသည်။

“ လယ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်က လယ်ယာမြေကို နိုင်ငံပိုင်အဖြစ် ပြဌာန်း ထားပေမယ့် ပါတီအနေနဲ့ကတော့ လယ်ယာမြေကို လယ်သမားတွေ ပိုင်ဆိုင်ခွင့် ရရှိဖို့ အတွက်  ဆောင်ရွက်သွားမှာ ဖြစ်သလို လယ် သမား သမဂ္ဂတွေနဲ့ လက်တွဲ ဆောင်ရွက် သွားနိုင်အောင် လယ်သမား သမဂ္ဂတွေ ပေါ်ပေါက်အောင် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူဘဲ အလုပ်သမား အရေးနဲ့ပတ်သက် လို့လဲ ခေတ်နဲ့ လျော်ညီတဲ့ အလုပ်သမား အခွင့်အရေးတွေ ရဖို့အတွက် အလုပ်သမား သမဂ္ဂတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ရည်ရွယ်ထားတယ်။ တခြားအချက်အလက်တွေကိုလည်း ဖေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးလည်း ဦးအေးသာအောင်က ယခုလို ပြောသည်။

“ ၂၀၁၅ နီးတဲ့အခါမှာ ပါတီမှာ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်အားလုံး အစည်းအဝေးက ဆုံးဖြတ်တဲ့ အခါမှာ သာ ၀င်ဖို့မဝင်ဖို့ဆိုတာကို ပြောနိုင်မှာ ဖြစ်ပါတယ်။”

ယခုအခါ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးတွင် မြို့နယ် ရုံးခန်းများ ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု သိရသည်။

ALD ပါတီသည် ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ရန် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က ဥပဒေ၊ နည်းဥပဒေများ နှင့် ကိုက်ညီသဖြင့် ၂၀၁၂ ခု ဧပြီလ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခွင့်ပြုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီမှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၉ ဖြင့် မေလ ၃၀ ရက်နေ့က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ဗဟိုအလုပ် အမှု ဆောင် သစ် ရွေးချယ်တင်မြှောက်ပြီး ပါတီ၏လုပ်ငန်းများကို စ၍ အကောင်အထည်ဖေါ် လုပ်ဆောင် လာခြင်း ဖြစ်သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို ၁၉၈၉ ခု စက်တင်္ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခု အောက်တိုဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရခိုင်ပြည်နယ်တွင် အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်

Most read this week