ဒုက္ခသည် ဦးလထော်ဘရန်ရှောင် အား ဖောက်ခွဲသူအဖြစ် ဖြောင့်ချက်ယူခိုင်း လိုက်ပြီ

ဒုက္ခသည် ဦးလထော်ဘရန်ရှောင် အား ဖောက်ခွဲသူအဖြစ် ဖြောင့်ချက်ယူခိုင်း လိုက်ပြီ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား တရားရုံး၌ဖြောင့်ချက်ပေးခဲ့စဉ် ၀မ်းဗိုက်ပေါ်တွင် အသံဖမ်းစက်တွေ့ရှိခြင်းကြောင့် တရားသူကြီးမှ ဖြောင့်ချက်ပယ်ချခံထားရသည့် ဂျန်မိုင်ကောင်ဒုက္ခသည်စခန်း မှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံခဲ့ ရသူ ဦးလထော်ဘရန်ရှောင်အား အာဏာပိုင်များက မြို့နယ်တရားသူကြီးထံမှ ဖြောင့်ချက်ပြန်ယူခိုင်းခဲ့ကြောင်း သိရသည်။

ဇွန် ၁၇ ရက်က ဘရန်ရှောင်အား ကေအိုင်အေ စစ်ဗိုလ်ဟု စွတ်စွဲပြီး ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းတွင် ဖမ်းဆီးနေပုံ။
ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) အား စွဲချက်တင်ထား သော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ စရဖ ဗိုလ်ကြီးကျော်စွာလင်းသည် တရားသူကြီး ဦးဇော်မင်းထံ ဖြောင့်ချက် ပယ်ချခံခဲ့ရပြီးနောက် ၄င်းကိစ္စအားအထက်သို့ တင်ပြခြင်းမပြုပေးရန် ပြောဆိုပြီး မြို့နယ်တရား သူကြီးဦးဇော်လင်းထွန်း ထံ ဇွန်လ ၂၉ ရက်နေ့တွင် ဖြောင့်ချက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေ ဦးမာခါး ပြောသည်။

“သူ့ကို စဖမ်းပြီး ရက်ပေါင်း ၁၅ ရက်ကြာမှ ဇူလိုင် ၂ ရက်နေ့မှ ကျနော်လည်း သူ့ရှှေ့နေ အနေနဲ့ ပထမအကြိမ် တွေ့ရတာပေါ့။ အကြာကြီး ဖမ်းဆီးချုပ်နှောင်ထားပြီး နှိပ်စက်ညှင်းပမ်းပြီး မှ ဖြောင့်ချက်ယူခိုင်းတဲ့ သဘော တက်ရောက်တာပေါ့။ ဇွန်၂၈ ရက်နေ့မှာတော့ ဖြောင့်ချက်မယူတော့ဘူးပေါ့နော်။ ဒါပေမဲ့ ၂၉ ရက်နေ့မှာ ဦးဘရန်ရှောင်ကို သူတို့(စရဖ) တခေါက် ပြန်ခေါ်လာခဲ့ပြီး ဦးဇော်လင်းထွန်းဆိုတဲ့ မြို့နယ် တရားသူကြီးရှေ့မှာ ဖြောင့်ချက်ပြန်ယူခဲ့တယ်” ဟု ပြောသည်။

ထို့နောက် ဦးလထော်ဘရန်ရှောင်အား  ဖြောင့်ချက်ယူခိုင်းပြီး ထောင်ကြီးသို့ ပို့ခဲ့ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်အား ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းမှ ဇွန်လ ၁၇ ရက်ညတွင် မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ရဲတပ်ဖွဲ့များက ဖောက်ခွဲရေးဆိုင်ရာ (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်၍ ၄င်းအား နှိပ်စက်ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးဘရန်ရှောင်အား အမှုစွဲဆိုခဲ့သော တရားလိုဖြစ်သည့် စရဖ ဗိုလ်ကြီးကျော်စွာလင်းအား ယနေ့တွင် ၎င်း ကိစ္စနှင့်ပတ်သက်ပြီး တရားရုံးတွင် အမှုစစ်ဆေးမည်ဖြစ်ကြောင်း ဦးမာခါးကပြောသည်။

ရှေ့နေဦးမာခါးသည်လည်း ဦးဘရန်ရှောင်၏ ရှေ့နေတစ်ယောက်အနေဖြင့် တရားဥပဒေနှင့်အညီ တရားရုံးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဦးဘရန်ရှောင်အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဦးလထော်ဘရန်ရှောင်အားလွတ် ပေးရန် လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထိုသို့တောင်းဆိုမှုနှင့်ပတ်သက်၍ အစိုးရဖက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိလျင် ဒေသခံပြည်သူများသည် ဆက်လက်ဆန္ဒထုတ်ဖော်တောင်းဆိုသွားရန်ရှိကြောင်းသိရသည်။

အစိုးရအာဏာပိုင်များသည် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဦးဘရန်ရှောင်အား မြစ်ကြီးနားမြို့တွင်း ဖောက်ခွဲသူတရားခံအဖြစ် သတင်းစာတွင် ဖော်ပြရေးသားခဲ့သလို ဒုက္ခသည်တာဝန်ရှိသူများနှင့် မိသားစုအသိုင်းအဝိုင်းများသည် ၄င်းသည် အပြစ်မဲ့ပြည်သူတစ်ဦးသာဖြစ်ကြောင်း ပြောဆိုနေကြသည်။

Most read this week