ပိုက်လိုင်းကြောင့် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့

ပိုက်လိုင်းကြောင့် လယ်သမားများ လယ်ထွန်ရန် အခက်တွေ့
by -
သျှမ်းသံတော်ဆင့်

လယ်မြေအတွင်း ဖြတ်သန်းသွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လုံးတချို့ မြေအောက်မချရ သေးသည့်အတွက် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ လယ်သမားတချို့ လယ်ထွန်ယက်ရန် အခက်အခဲကြုံတွေ့လျက်ရှိကြောင်း သိရှိရပါသည်။

Namkham_pipeline
“ပိုက်လိုင်းက အလယ်ကနေ ဖြတ်သွားတော့ လယ်ကနှစ်ခြမ်းဖြစ်နေတယ်။ ပိုက်လုံးတွေလည်း မြေအောက်  မချရသေးဘူး။ မြေအောက်ချဖို့ တူးထားတဲ့မြေတွေ ပြည့်နေတော့ ဒီဘက်မှာ ထွန်ပြီးရင် ဟိုဘက်ကိုသွားထွန်ဖို့ မလုပ်နိုင်ကြဘူး။ စပါးပျိုးထားတာ လစေ့တော့မယ် အခုထိ လယ်မထွန်ရ သေးဘူး” ဟု နမ့်ခမ်းလယ်သမားတစ်ဦးက ပြောပါသည်။

တဖက်၌လည်း ပိုက်လုံးများကို ၈ ပေအနက် မြှုပ်ပေးမည်ဟု လယ်သမားများအား  ပြောဆိုထားသော် လည်း ၅ ပေခန့်သာ မြှုပ်ပေးကြောင်း လယ်သမားတစ်ဦးဖြစ်သည့် လုံးထွန်း ကလည်း ပြောပါသည်။

“လုပ်ငန်းခွင်သုံး ကားတွေကြောင့် ပိုက်လုံးမှာ မတော်တဆ ထိခိုက်ပွန်းပဲ့သွားရင်လည်း အပေါက်တွေကို ကတ္တရာစေး တွေနဲ့ ဖြစ်သလိုဘဲ ဖာထေးတယ်။ နောက်ဆို မပေါက်ကွဲနိုင်ဘူးလို့ မပြောနိုင်ဘူး။”

နမ့်ခမ်းမြို့နယ် ဝိန်းကန်းနှင့် ကောင်းကတ်ရွာ၌ ပိုက်လိုင်းဖြတ်သန်းသွားသော နေရာများတွင် လယ် ကွက်ပုံစံပြန်ဖော်ထားပေးသော်လည်း ဖို့မြေသာဖြစ်သောကြောင့် လယ်မထွန်နိုင်ကြောင်း ကောင်းကတ် လယ်သမားတစ်ဦးက ဆို၏။

“လယ်ကွက် ပြန်ဖော်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုက ပျက်စီးသွားတဲ့ နေရာတွေမှာ မြေတွေနဲ့ ဖြစ်သလို ပြန်ဖို့ပေးတယ်။ စက်နဲ့လယ်ထွန်ဖို့ နေနေသာသာ လူတောင်မြေကြီးထဲ ကျွံကျသွားတယ်။”

ပိုက်လုံးမြှုပ်ရာ၌ ချောင်းရေပိတ်မိသဖြင့် ချောင်းအထက်ပိုင်း ရေကြီး၍ ချောင်းအောက်ပိုင်း ရေမရရှိ ကြောင်း၊ ထို့ကြောင့် နွေရာသီစိုက်ခင်း၌ မနှစ်ကထက် သီးနှံအထွက်နှုန်း လျှော့နည်းကာ လယ်သမား များ အရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။

Most read this week