၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားလှယ်စနစ် အသုံးပြုရန် အာဏာရပါတီစိတ်ဝင်စားနေ

၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားလှယ်စနစ် အသုံးပြုရန် အာဏာရပါတီစိတ်ဝင်စားနေ
by -
သျှမ်းသံတော်ဆင့်

လက်ရှိအစိုးရအဖြစ် အာဏာရထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၅ ပြည်လုံး ကျွတ်အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဝင်အမတ်လောင်းများအား ရရှိသည့်မဲအရေအတွက် အပေါ် ရာခိုင် နှုန်း အရ အချိုးကျ ကိုယ်စားလှယ်စနစ်ဖြင့် လွှတ်တော်အမတ်များအားရွေးချယ်သတ်မှတ်ရန် စိတ်ဝင်စားနေပုံရ သည်ဟု ဆိုသည်။

နည်းဟောင်းအတိုင်း Winner take all လမ်းစဉ်ကိုသာ သွားမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို လုံးဝယှဉ်နိုင်မည်မဟုတ် ဟု ယုံကြည်ထားသောကြောင့် လည်းဖြစ်နိုင် ကြောင်း သုံးသပ်သူများရှိနေပါသည်။
၂၀၁၀ ရွေးကောက်ပွဲက ကြံ့ခိုင်ရေးပါတီမှ မဲများရေတွက်နေစဉ် (ဓါတ်ပုံ - the guardian)
Winner take all လမ်းစဉ်သည် ဥပမာ -(က) မြို့၌ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း နှစ်ယောက်အနက် တယောက် မှာ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်း တယောက်မှာမူ ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း ရရှိပါက ၅၁ ရာခိုင်နှုန်း ရရှိ သည့်ပုဂ္ဂိုလ်က လုံးဝအောင်နိုင်ဖြစ်၏။ ၄၉ ရာခိုင်နှုန်း ရရှိသူက လွှတ်တော်အတွင်း ရောက်ရှိလာနိုင်ခြင်း လုံးဝမရှိ တော့ပေ။

PR (Proportional Representation) ခေါ် အချိုးက စနစ်အား အသုံးပြုမည်ဆိုပါက - ဥပမာ လွှတ်တော် အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ ။ ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် - ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိသည့်ပါတီက ၂ ယောက် - စသဖြင့် အောင်နိုင်သူများအားသတ်မှတ်ရမည်ဖြစ်သည်။

လက်ရှိအစိုးရကျောထောက်နောက်ခံပြုသည့် NGO အဖွဲ့အစည်းဟု လူသိများသည့် မြန်မာအီးဂရက် Myanmar Egress က ကမကထ ပြုပြီး မေ ၂၄ ရက်မှ ဂျွန် ၂၇ အထိ နိုင်ငံရေး ဆိုင်ရာသင်တန်းတရပ် ကျင်းပခဲ့ကြောင်း၊ အဆိုပါ သင်တန်း၌ အနောက်တိုင်းသား ကျွမ်းကျင်ပညာရှင် Larry Diamond မှ ရွေးကောက်ဆိုင်ရာ PR စနစ်အား ဦးစားပေး ရှင်းလင်းပို့ချသွားကြောင်း သိရသည်။ အဆိုပါ သင်တန်း၌ သင်တန်းသားများမှာ ၂၀၁၀ ရွေးကောက်ပွဲနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ နှင့် ပြင်ပလေ့လာသူ ၅ ဦး ပါဝင်သည်ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိအစိုးရမှ ၂၀၁၅ ရွေးကောက်ပွဲဆီသို့လှမ်းနေသည့်ခြေလှမ်းအပေါ် စောင့်ကြည့်လေ့လာစရာ ဖြစ်စေ ကြောင်း တိုင်းရင်းသားနိုင်ငံရေးအသိုင်းအဝိုင်းများက ပြောပါသည်။

ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာရွှေခါးက - အမျိုးသားလွှတ်တော်အဆင့်နှင့် ပြည်သူ့လွှတ်တော်အဆင့်တွင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တစုံတရာဝေဖန်ဆုံးဖြတ်မှုများမလုပ်နိုင်သေးသော်လည်း ပြည်နယ်လွှတ်တော် တွင်မူအနည်းဆုံး နှစ်ကြိမ်နှစ်ခါ စဉ်းစားပြီးမှဆုံးဖြတ်ချက်ချသင့်သည်ဟုဆို၏။ အဘယ်ကြောင့်ဆိုသော် PR (Proportional Representation) စနစ်သည် ပြင်ပပါတီ (ဇာတိပါတီမဟုတ်သည့် NLD, USDP, NDF , ..ect ) မှ အမတ်များ က ဝင်ရောက်လာနိုင်သဖြင့် တိုင်းရင်းသားပြည်နယ်အတွင်း (ဒေသတွင်းပါတီများ) တိုင်းရင်း သားကိုယ်စားပြုပါတီများ ရသင့်ရထိုက်သည့်အမတ်နေရာများဆုံးရှုံးသွားစေနိုင်သောကြောင့် ဖြစ်သည်ဟု ပြောပါသည်။

သို့သော် လာမည့် ၂၀၁၅ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ၌ PR (Proportional Representation) စနစ်အသုံးပြုရေး အတွက် လွှတ်တော်အတွင်းဆုံးဖြတ်မည် မဆုံးဖြတ်မည် ဟူသည်ကိုတော့ မသိနိုင်သေးပေ။

အဘယ့်ကြောင့်ဆိုသော်၂၀၀၈ နားဂစ်ဖွဲ့စည်းပုံ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်၏ တာဝန်များအနက် ပုဒ်မ ၃၉၉ (စ) ၌ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်စသည်များ ကို သက်ဆိုင်ရာ ဥပဒေများ နှင့် အညီလည်းကောင်း ထုတ်ပြန်ခြင်း - စသည့်တို့ ပါရှိသောကြောင့် PR စနစ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပိုင်ခွင့်အာဏာအပြည့်အဝ ရရှိကောင်း ရရှိနိုင်ပေးလိမ့်မည်။

ထို့ကြောင့်လက်ရှိတွင် အစိုးရဖြစ်စေ၊ လွှတ်တော်ဖြစ်စေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်စေ တစုံတရာ ဆုံးဖြတ်ချက်မချသေးသော်လည်း ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာမှ ရေးဆွဲဆုံးဖြတ်မည်လည်း ဖြစ်နိုင်ပါသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်မှ ထပ်မံရေးဆွဲလာသည့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေအား လွှတ်တော်က ထောက်ခံ ပေးရမည်ဖြစ်သကဲ့သို့ ကန့်ကွက်ဟန့်တားမှုအားလည်းလုပ်နိုင်ပါသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီဝင် ပုဂ္ဂိုလ်တဦးက ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ ကွာခြား မည်ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲက တိုင်းရင်းသားပါတီများသည် ပြည်ခိုင်ဖြိုးပါတီကို အဓိက ယှဉ်ပြိုင်ခဲ့ရ ပြီး ၂၀၁၅ မှာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အဓိက ယှဉ်ပြိုင်ရမည်။ NLD တွင် နိုင်ငံကျော် ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်း၊ လူအင်အားအပြင် ငွေကြေးအင် အားတောင့်တင်းခြင်းတို့ ကြောင့် တိုင်းရင်းသားပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် မည်သို့မည်ပုံ လက်တွဲမည်ကို အမျိုးသားဒီမိုကစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီး နားလည်မှုပြုသင့်သည်။

သျှမ်း ဒီမိုကရေစီအစည်းအရုံး (SDU) အတွင်းရေးမှူး စိုင်းဝမ်းဆိုင် က - လက်ရှိတွင် NLD အနေဖြင့် ဂျာမနီ နိုင်ငံကဲ့သို့ ကျင့်သုံးသင့်ကြောင်း၊ ဂျာမနီတွင် ခရစ်ယန် ဒီမိုကရက်တစ်အစည်းအရုံး(Christian Democratic Union-CDU) ပါတီကြီးက မဟာမိတ်ပါတီဖြစ်သည့် (Christian Social Union-CSU) ပါတီ ရှိသည့် ဘာဗေရီးယား (Bavaria) ပြည်နယ်၌ လုံးဝသွားရောက်ယှဉ်ပြိုင်ခြင်းမပြုပေ။

ထို့အတွက်ကြောင့် NLD လည်း သျှမ်းတိုင်းရင်းဒီမိုကရေစီအဖွဲ့ချုပ် SNLD ကဲ့သို့ အခြားသော တိုင်းရင်းသား ဒီမိုက ရက်တစ်ပါတီများနှင့် မဟာမိတ်ဖြစ်သည့်အားလျော်စွာ မဟာမိတ်ပါတီများအားကောင်းသည့် တိုင်းရင်း သား နယ်မြေများ၌ ယှဉ်ပြိုင်မှုအချို့ရှောင်ရှားပေးသင့်ကြောင်း သို့မှသာ အနာဂတ်ပြည်ထောင်စုတည်ဆောက် ရေးအတွက် စည်းလုံးမှုတခု ဖြစ်စေသာမက အဘက်ဘက်ပါဝင်လာစေရေးအတွက်လည်း ဖြစ်စေမည်ဖြစ်ပါ သည်။

PR (Proportional Representation)စနစ်ကို ဥရောပ နိုင်ငံအများအပြား၌ ခေတ်စားနေကြပါသည်။ မြန်မာ့အိမ်နီး ချင်း ထိုင်းနိုင်ငံမှာမူ တဦးချင်းယှဉ်ပြိုင်အနိုင်ရသည့်စနစ်အပြင် PR စနစ်လည်း ပူးတွဲ ကျင့်သုံးသည်။