မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝင်း တွင် အမျိုးသားအဆောင် ဆောက်လုပ်တော့မည်

မြစ်ကြီးနား တက္ကသိုလ်ကျောင်းဝင်း တွင် အမျိုးသားအဆောင် ဆောက်လုပ်တော့မည်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းတွင်း ကျောင်းသားနေ အဆောင်ထားရှိရန်အတွက် အဆင့်မြင့်ပညာရေးဝန်ကြီးဋ္ဌာနမှ ရသုံးငွေစာရင်း ဘတ်ဂျက်ချထားပြီး ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်
၂၀၁၃ခုနှစ် တက္ကသိုလ်ပညာသင်နှစ်အတွက် မြစ်ကြီးနားတက္ကသိုလ် အဆောင်ဆောက်လုပ်ရန် အဆင့်မြင့် ပညာရေးဝန်ကြီးဋ္ဌာနမှ  ကျပ် သန်းတစ်ထောင့်ငါးရာ ဘတ်ဂျက် ချထားပေးခြင်းဖြစ်သည်။

“ခုကျောင်းမှာ သဲ၊ ကျောက်တွေရော အကုန်စုထားပြီ။ ဘယ်နားမှာ ဆောက်မယ်ဆိုတာတော့ လောလောဆယ် မသိသေးဘူး” ဟု ဒဿနိကဗေဒ ပါမောက္ခချုပ် ဒေါက်တာ ကေရွယ်ဂျားက ပြောသည်။

ကျောင်းသားနေအဆောင်သစ် (၃) ထပ်ဆောင် အဆောင် (၂) ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝင်းတွင် အမျိုးသမီး အဆောင် တစ်ခုတည်း လှစ်လပ် နေပြီး အယောက် (၈၀) ခန့်သာ ဆန့်သဖြင့် ထပ်မံ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ တက္ကသိုလ်ကျောင်းဝင်း အဆောင်ပြန်လည် ထားရှိရခြင်းသည် ကျောင်းသားများ၏ အကျင့်စာရိတ္တ ပျက်ပြားနေသည်ကို ပြန်လည်ထိန်းသိမ်းရန်နှင့် နယ်ဝေးမှ ကျောင်းတက်နေသည့် ကျောင်းသားများအတွက် ရည်ရွယ်၍ အဆောင်ထားရှိရန် ဖြစ်ကြောင်း သိရသည်။

“ရိုက်ပွဲတွေ၊ အရက် သေစာသောက်စားမှုတွေ အရမ်းများလာလို့ပါ။ ကလေးတွေ ပိုပြီး စည်းကမ်းနဲ့ နေတတ် လာအောင် လိမ္မာလာအောင် အဆောင်ထားဖို့၊ ကျောင်းသွား ကျောင်းပြန်လည်း ခက်တယ်ဆိုတော့ ဒါတွေကို အဓိကထားပြီး လုပ်ဆောင်ရတာပါ။” ဟု ဒေါက်တာ ကေရွယ်ဂျားက ဆိုသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှလည်း ကျောင်းသား အဆောင်ထားရှိရန်အတွက် ဇွန်လ (၃၀) ရက်နေ့တွင် တက္ကသိုလ်ကျောင်းဝင်းသို့ လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဇူလိုင်လ (၉) ရက်နေ့တွင်လည်း မြစ်ကြီးနားတက္ကသိုလ် ကျောင်း တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာအေးကို နှင့် ဝန်ကြီးချုပ် တို့ တက္ကသိုလ်ကျောင်း ဆောင်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

တက္ကသိုလ်ကျောင်းဝင်း အဆောင်များအား ယခုနှစ် ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် ထားရှိနိုင်မည်ဟု ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ခန့်မှန်းပြောဆိုသည်။

အဆောင်နေစရိတ်များကိုမူ လက်ရှိတွင် သတ်မှတ်ထားခြင်းမရှိသေးကြောင်း သိရသည်။

အပြင်အဆောင်များတွင်မူ အဆောင်နေစရိတ် တစ်ယောက်လျှင် တစ်လ ကျပ် (၂၅၀၀၀) ကုန်ကျသဖြင့် ကျောင်းသားများအတွက် နေထိုင်မှု အခက်အခဲများ ရှိနေသည်။

Most read this week