မြန်မာ သစ်ဘုတ် ဘင်္ဂလာဒေချ့် အနီး နစ်မြုပ်၊ ကျပ်သိန်း ၂ ထောင်ကျော်ဖိုး ဆုံးရှုံး

မြန်မာ သစ်ဘုတ် ဘင်္ဂလာဒေချ့် အနီး နစ်မြုပ်၊ ကျပ်သိန်း ၂ ထောင်ကျော်ဖိုး ဆုံးရှုံး
by -
နိရဥ္စရာ

မြန်မာနိုင်ငံမှ သစ်များကို တင်ဆောင်လာသော မော်တော်ဘုတ် (၁) စီး ဘင်္ဂလာဒေချ့် ရေပြင်ပိုင်နက် အနီး နစ်မြုပ်ခဲ့သွားခဲ့ရာ ကျပ်သိန်းပေါင်း ၂ထောင်ကျော်ဖိုး ဆုံးရှံုးခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာသစ်များ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်းတွင် စုပုံထားသည်ကို မြင်ရစဉ်။ ( ဓါတ်ပုံ – နိရဥ္စရာ)
အဆိုပါ မော်တော်ဘုတ်မှာ သစ်များကို တင်ဆောင်ပြီး တခြား မော်တော်ဘုတ် (၃) စီးနှင့် အတူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဘင်္ဂလာဒေချ့်နိုင်ငံ တက်ကနက် ဆိပ်ကမ်းသို့ ဦးတည် ခုတ််မောင်းလာစဉ် ဇူလိူင်လ ၅ ရက်နေ့က စစ်တွေမြို့ မေယု မီးပြ အလွန်တွင် နစ်မြုပ်သွားခြင်း ဖြစ်သည်။

“ လူတွေက အသေအပျောက် မရှိပါဘူး။ တခြား သစ်ဘုတ်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ မော်တော်ဘုတ်သုံးစီးကတော့ အခု တက်ကနက် ဆိပ်ကမ်းကို ရောက်ရှိနေပါပြီ”  ဟု တက်ကနက် ဆိပ်ကမ်းမှ မြန်မာ စီးပွားရေးသမား ကိုမောင်ခင်နုက ပြောသည်။

တင်ဆောင်လာသော သစ်များ၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်ဖိုးရှိကြောင်း ကိုမောင်ခင်နုက ပြောသည်။

“ တင်လာတဲ့ သစ်က ခန့်မှန်းခြေ ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးရှိပါတယ်။ မော်တော်ဘုတ် မြုပ်တာက မိုးသက်လေပြင်းနဲ့ အတူ လိူင်းကြီးတဲ့ အတွက် မြုပ်သွားတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူကြောင့် နယ်စပ်ဒေသ တလျှောက်တွင်လည်း မတည်ငြိမ်မူများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်း တစ်လနီးပါးခန့် ရပ်ဆိုင်း  ထားခဲ့ရသည်။

ယခုနယ်စပ် ကုန်သွယ်ရေး ပြန်လည် စတင် ဖွင့်လှစ်ချိန်တွင် မြန်မာနိုင်ငံမှ သစ်တင် မော်တော်ဘုတ် နစ်မြုပ်သွားခြင်း ဖြစ်သည်။

Most read this week