သူခိုးဟု စွပ်စွဲခံရသူ အိမ်ဖေါ် အမျိုးသမီးကို စစ်တပ်က ရိုက်နက် စစ်ဆေး

သူခိုးဟု စွပ်စွဲခံရသူ အိမ်ဖေါ် အမျိုးသမီးကို စစ်တပ်က ရိုက်နက် စစ်ဆေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သမီးနှစ်ယောက်၏ မိခင်ဖြစ်သူ အိမ်ဖေါ် အမျိုးသမီး တစ်ဦးကို ရွှေထည် ပစ္စည်းများ ခိုးသည်ဟု စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးပြီး  ရိုက်နက်ခဲ့သည်ဟု သတင်း ရရှိသည်။

စစ်တပ်၏ ရိုက်နှက် စစ်ဆေးခြင်းခံရသူ အမျိုးသမီးမှာ ဒေါ်အေးအေးမူ အသက် (၄၂)နှစ် ဖြစ်ပြီးတောင် ကုတ်မြို့ ဂူတာ ရပ်ကွက်၊ ညောင်တန်းလမ်းမှ ဒေါ်မိုးမိုး ဆိုသူထံတွင် အိမ်ဖေါ် အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

“ ကျွန်မကို ရွှေထည် ပစ္စည်း သူခိုးလို့ ဒေါ်မိုးမိုးက စွပ်စွဲတယ်။ သူတို့က အဲဒီပစ္စည်းကို ပြန်တောင်းတယ်။ မရတော့ စစ်တပ်ကို သွားတိုင်တယ်။ စစ်တပ်က ကျွန်မကို ဖမ်းခေါ်သွားပြီး ပစ္စည်းတွေကို ပြန်တောင်းတဲ့အခါ မယူဘူးလို့ ကျွန်မက  ငြင်းတယ်။ ငြင်းတဲ့ အခါ  သူတို့က ဟိုလျှောက်မေး၊ ဒီလျှောက်မေး လုပ်တယ်။ ကျွန်မက မယူ ဘူးလို့ ဆိုတယ်။ မယူလို့ဆိုတဲ့အတွက် ကျွန်မကို ရိုက်တယ်။ စစ်သားသုံးယောက်က ပထမ တုတ်နဲ့ ရိုက်ပါတယ်။ ကျွန်မက သူတို့ကို ရိုက်တာ မခံနိုင်တဲ့ အတွက် ရုန်းတဲ့အခါမှာ ကျွန်မလက်ကို လက်ထိပ်ခတ်ပြီး ရိုက်ပါတယ်။ ၆ ချက်တိတိ  ရိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ခြင််း ဖြစ်ပြီး ဒေါ်အေးအေးမူက သူမအား စစ်တပ်က ခေါ်ယူသွားပုံကို ယခုလို ပြောသည်။

“ စကခ ၅ တပ်မက  စစ်သား သုံးလေး ယောက် ညနေ ၅ နာရီမှာ ကျွန်မကို စစ်ဆေးစရာ ရှိတယ် ဆိုပြီး ခေါ်ယူသွားပါတယ်။ ညနေ  ၅ နာရီကနေ ည ၁၁ နာရီထိ ရိုက်နှက် ညှင်းပမ်း နှိပ်စက်ပြီးတော့ ဒေါ်မိုးမိုးရဲ့ ရွှေထည် ပစ္စည်းတွေကို ယူပါတယ်ဆိုပြီး ၀န်ခံခိုင်းတယ်။ ကျွန်မက ဒီပစ္စည်းတွေကို မယူဘူး ဆိုပြီး အကြိမ်ကြိမ် ငြင်းမှ  ညနေ ၁၁ နာရီမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။”

အဆိုပါ ရွှေထည် ပစ္စည်း ၃ သိန်းဖိုးခန့် ပျောက်ဆုံးမူမှာ စစ်တပ်နှင့်် တစ်စုံတစ်ရာ မသက်ဆိုင်ဘဲ  ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ရဲ အဖွဲ့နှင့်သာ သက်ဆိုင်ပါလျှက် သူတို့ထံ မတိုင်ကြားဘဲ စစ်တပ်ကို မည်သည့် အတွက် တိုင်ကြားရပါသလဲဟု မေးမြန်းရာ ဒေါ်မိုးမိုးမှာ စစ်တပ်နှင့် နီးစပ်သူ ဖြစ်ကြောင်း သူမက ပြောသည်။

ယခုအခါ  ဒေါ်အေးအေးမူ၏ သမီး နှစ်ဦးအားလည်း ဒေါ်မိုးမိုးက စစ်တပ်အားကိုးဖြင့် ပြန်ပေး သဘောမျိုးဖြင့် သူမအိမ်သို့ ခေါ်ယူထားကြောင်း သိရသည်။

ဒေါ်မိုးမိုး ခေါ်ယူထားခြင်းခံရသူ ဒေါ်အေးအေးမူ၏ သမီးနှစ်ဦးမှာ မရီရီလှိုင် (အသက် ၆နှစ်) သူငယ် တန်းနှင့်  မဖြူထွေး အသက် (၃)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဒေါ်အေးအေးမူကို ပစ္စည်းခိုးသူဟု စွပ်စွဲပြီး ကလေးနှစ်ယောက်ကို ပြန်ပေး သဘောခေါ်ယူထား မှုမှာ မှန်ကန်ကြောင်း တောင်ကုတ် မြို့နယ် အဖွဲ့ချုပ် ဒုဥက္ကဌ ဦးခင်လှက ပြော သည်။

“ ဒီကိစ္စ ကျွန်တော်တို့ကိုလည်း လာတိုင်ကြားထားတယ်။ ကလေးနှစ်ယောက်ကိုလည်း ပြန်ပေးသဘော မျိုးနဲ့ ဒေါ်မိုးမိုးက ခုအချိန်ထိ အိမ်ကို ခေါ်ယူထားတယ်။  ပျောက်သွားတဲ့ ရွှေထည် ပစ္စည်း သုံးသိန်းဖိုးကို ပြန်ပေးရမယ် ဆိုပြီးတောင်းတယ်။ မပေးနိုင်ရင် ကလေးတွေကို မပေးနိုင်ဘူး ဆိုပြီး ပြောတယ်။ ဒီနေ့ဘဲ ဒီ အမူ ကိစ္စကို တောင်ကုတ်  ရဲစခန်းကို ကျွန်တော်တို့ သွားရောက် တိုင်တန်း လိုက်ပါတယ်” ဟု ပြောသည်။

ဒေါ်အေးအေးမူမှာ  ယောကျ်ား ဖြစ်သူလည်း ဆုံးသွားပြီ  ဖြစ်ပြီး  သမီးနှစ်ယောက်နှင့်အတူ ဆင်းရဲ ကျပ်တည်းစွာဖြင့် လုပ် ကိုင်စားသောက်နေရသူ ဖြစ်ကြောင်း သိရသည်။

Most read this week