7 July အခမ်းအနားများ ကျင်းပခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသော်လည်း ခရိုင်အချို့တွင် ကြိုတင်ကျင်းပခဲ့ကြောင်း ဗကသ များအဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
“မန္တလေးက လုပ်ဖြစ်ပါမယ်။ အခုဟာက ဖိအားတွေများလာတယ်ဆိုတော့ မြင်းခြံ၊ မအူပင်၊ ဗန်းမော်၊ ရန်ကုန်် ပခုက္ကူ၊ မုံရွာမှာလည်း တားတယ်။ မုံရွာက ၃ ရက်နေ့က ဆွမ်းကပ်တယ်။ အကျဉ်းချံုး ကျင်းပလိုက်တယ်။ ဒီကနေ့မှာတော့ ကျောက်ဆည်ခရိုင် မှာလုပ်ပါတယ်။” ဟုဆိုသည်။
ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အခမ်းအနားကို ကျောက်ဆည်မြို့ရှိ ရေဦးကျောင်းတိုက်တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ) နှင့် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ကျောက်ဆည်) တို့မှ ဇူလိုင် ၅ ရက်နေ့က ဦးစီးကျင်းပခဲ့သည်ဟု ကျောက်ဆည် ခရိုင် ဗကသ တာဝန်ရှိသူ တဦးက ပြောသည်။
“မနက် ၁၀ နာရီကစတယ်။ သမဂ္ဂအလံ အလေးပြုတယ်၊ ကျဆုံးတဲ့ကျောင်းသူ၊ ကျောင်းသားအပေါင်းကို အလေးပြု တယ်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် တမိနစ်ငြိမ်သက်တယ်။ ပြီးတော့ တရားနာ၊ ရေစက်ချ အမျှဝေတယ်။ တရားနာ ပြီးတဲ့ အချိန်မှာ သံဃာတွေကို ဆွမ်းကပ်တယ်။” ဟု သူကဆိုသည်။
အခမ်းအနားသို့ သံဃာတော် အပါး ၃ဝ ကျော်၊ ကျောက်ဆည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူ ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။
အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ဆရာတော်များ ဆွမ်းစားချိန်တွင် အာဏာပိုင်များ လာရောက် မေးမြန်းမှုများ ပြုလုပ်တာကြောင့် သံဃာတော်များ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
“ဒီပွဲကို ဘယ်သူဦးဆောင်လုပ်တာလဲ၊ ဘယ်သူတွေလုပ်တာလဲ၊ မန္တလေးက ဘယ်သူလာလဲ၊ ဘယ်က လူတွေ လာတက်သလဲ၊ ဘယ်နှစ်ယောက်လာသလဲ ဆိုတာတွေ လာမေးတယ်။ ကျောက်ဆည်က အာဏာပိုင်တွေပါပဲ။ နာမည်စာရင်းတွေ မှတ်သွားပါတယ်။” ဟု မဇ္စျိမသို့ ပြောသည်။
ဒေသအသီးသီးမှာ တားမြစ်မှုများရှိနေပြီး ကျင်းပမည့်နေရာများအား အာဏာပိုင်များက လက်မခံရန် လိုက်လံ ဖိအားပေးနေသော်လည်း ဗကသ များအဖွဲ့ချုပ်အနေဖြင့် 7 July နှစ် ၅၀ ပြည့် အခမ်းအနားများအား ဆက်လက် ကျင်းပမည် ဖြစ်သည်။
နယ်ချဲ့စံနစ်၊ တပါတီအာဏာရှင်စံနစ် ခေတ်အဆက်ဆက်တွင်် ကျောင်းသားများ အသက်ပေးစတေးခဲ့ရပြီး
ကျောင်းသားသမဂ္ဂသည် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း ကိုရဲရင့်ကျော်က ဆက်ပြောသည်။
“အလွန်ထင်ရှားတဲ့ ကျေးဇူးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သမဂ္ဂဥက္ကဋ္ဌ ဦးနုတို့၊ ကိုဗဟိန်းတို့၊ ကိုဘဆွေလေးတို့ ဒီပုဂ္ဂိုလ်တွေကြောင့် ကျနော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာပါ။ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခဲ့ရတာပါ။ အဲလိုသာ မဟုတ်ရင် ကျနော်တို့ဟာ သူ့ကျွန်ဟာသူ့ကျွန်ပဲ။ ဒါတွေကို ပြန်ကြည့်ရင် နိုင်ငံရဲ့သမိုင်းမှာ သမဂ္ဂကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ ကျောင်းသား သမဂ္ဂနဲ့ကင်းပြီးတော့ နိုင်ငံရေး ပြောင်းလဲမှု လှုပ်ရှားမှု မရှိသလောက် ပါဘဲ” ဟု သူကပြောသည်။
ရန်ကုန်နှင့် မန္တလေးတိုင်း ထွေ/အုပ် ညွှန်မှူးများက ဗကသ များအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များအား မှတ်ပုံတင်မထားသည့် အဖွဲ့မှ ဂေဇက်ဝင်နေ့ မဟုတ်သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံခဲ့ရသည့် 7 July ရွှေရတုနေ့ ကျင်းပခြင်းကို ခွင့်မပြုကြောင်း ဇွန်လ အတွင်းက သတိပေးထားသည်။