လားရှိုးကျေးလက် ဝမ်းလျှောရောဂါကူးစက် ရွာသား ၃၀ ခန့်သေဆုံး

လားရှိုးကျေးလက် ဝမ်းလျှောရောဂါကူးစက် ရွာသား ၃၀ ခန့်သေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ်အတွင်း ကျေးလက်ရွာသားများ ဝမ်းရောဂါကူးစက်ဖြစ်ပွားကာ လူဦးရေ ၃၀ ခန့်သေဆုံးနေပြီ ဟု ကျေးလက်ကျန်းမာရေးဝန်းထမ်းများပြောပြချက် အရသိရပါသည်။

မိုင်းယော်တိုက်နယ်ဆေးရုံ(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
“လားရှိုးမြို့ မြောက်ဘက် ၃၂ မိုင်လောက်ဝေးတဲ့နေရာမှာ မိုင်းယော်တိုက်နယ် ဆိုတာရှိတယ်။ အဲဒီဘက်မှာ နေတဲ့ ကျေးလက်တွေ က သိတဲ့စာရင်းအရဆို ဒီတပတ် အင်္ဂါနေ့အထိ ၂၇ ယောက်ရှိပြီ။ သေတာကအများ အားဖြင့် ယောကျာ်းလေးတွေပေါ့” - ဟု လားရှိုးမြို့ NGO ကျန်းမာရေး ဝန်ထမ်းတဦးကပြောပါသည်။

ဂျွန်လလယ်ပိုင်းမှ စ၍ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် မြောက်ဘက်ခြမ်း မိုင်းယော်တိုက်နယ်အတွင်း ကျေးရွာအုပ်စုဝင်များ ဖြစ်သည့် မန်မတ်၊ ပန်ထိုလင်၊ ဟိုဟွေ့၊ ပန်စပြေကျေးရွာအုပ်စုဘက်မှ အများဆုံးသေ ဆုံးကြောင်း၊ ဂျွန်လနှောင်းပိုင်း၌ တရက် တယောက်အနည်းဆုံးသေဆုံးကြောင်း၊ သေဆုံးသူဦးရေ တနေ့ ထက်တနေ့များလာသောကြောင့် လူစုလူဝေးလုပ်ခြင်း မရှိစေရန် ဈေး ၊ အလှူဒါန်းပွဲများကို တားမြစ်ထား ကြောင်း မိုင်းယော်ကျေးရွာအုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းကပြောပါသည်။

“ဘာကြောင့်လဲမသိရဘူး၊ ဗိုက်နာတယ်၊ ဝမ်းလျှောတယ်။ အထက်လှန်အောက်လျှောပုံစံလည်း မဟုတ်ဘူး။ သုံးရက်လောက်ဆေးရုံ တက်ရလို့ မပျောက်ရင် ဆင်းခိုင်းပြီ၊ အိမ်ပြန်ပြီးသေတော့တာဘဲ။ ဆေးရုံမှာ ဆေးလဲမလောက်ဘူး၊ တရုတ်ဆေး ဆိုင်ကိုဘဲ အားကိုး ရတယ်။ တရုတ်လုပ်ဆေးတွေဘဲသုံးတာ” ဟုမိုင်းယော် ဈေးသည်တဦးကပြောသည်။

အုပ်စုနှင့်အတန်ဝေးသည့် ရွာများမှ ဝမ်းလျောသူများ မိုင်းယော်တိုက်နယ်ဆေးရုံ ရောက်ရှိကာ ဆေးဝါးကုသ ရာမှ  အုပ်စုတွင်းနေ လူထုထံ ကူးစက်ပျံ့နှံ့ပြီး  သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခုတပတ်အတွင်း ၅ ရက် တဈေးကိုလည်း အာဏာပိုင်များပိတ်ထား သည်မှာနှစ်ပတ်ရှိပြီဖြစ်ကြောင်း၊ မှို ၊ ပိန္နဲသီးမှည့်များ မစားကြရန်လည်းတားမြစ်ထားကြောင်း - ဒေသခံများက ပြောပါသည်။

သီးခြားအတည်မပြုနိုင်သေး သည့်သတင်းရ လက်နက်ကိုင်တပ်ဖွဲ့များ ပြိုင်ဆိုင်အင်အားဖြည့်လာကြရာမှ သောက်သုံးရေ၌ အဆိပ်ခတ်ခံရမှုကြောင့်ဖြစ်ကြောင်းလည်း သတင်းထွက်ရှိနေပါသည်။

“ရေကို ကျိုသောက်ခိုင်းတယ်။ ဟင်းအအေးတွေ၊ ရက်လွန်ဟင်းတွေ မစားခိုင်းဘူး၊ လက်ကိုဆပ်ပြာနဲ့ မကြာခဏ ဆေးရမယ်လို့ ကျန်းမာရေးဌာနကတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆော်ခိုင်းတော့ ဒီတရက် နှစ်ရက် အတွင်း သိပ်မသေတော့ဘူး။ စဖြစ်တုန်း ကဆို တနေ့ ဆို ၃-၄ ယောက်သေတာ” - ဟု ဒေသခံ နန်းဆိုင်က ပြောပါသည်။

ထိုဒေသတွင် ဝမ်းလျှောရောဂါအပြင် သွေးလန်တုတ်ကွေးရောဂါလည်း ကူးစက်ပျံ့နှံ့နေရာ ယခုတပတ်အတွင်း အီတလီနိုင်ငံမှ NGO အဖွဲ့တခုဖြစ်သော  CESVI ကလည်း ခြင်းထောင်နှင့်ဆေးဝါးများ သွားရောက်ကူညီ ထောက်ပံ့ရန် ရှိကြောင်း NGO အသိုင်းအဝိုင်းကလည်းပြောပါသည်။