KIO မှ အနားယူထားသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို ပြန်လည်စုဆောင်း

KIO မှ အနားယူထားသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို ပြန်လည်စုဆောင်း
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အနားယူ၍ ကျေးရွာများတွင် အရပ်သားအဖြစ် ပြန်လည်လုပ်ကိုင် စားသောက်နေသော ကချင်ပြည်သူ့စစ်(MHH)တပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ စာဖြင့် ဆင့်ခေါ်နေပြီး ရောက်မလာသူများကို လိုက်လံစုဆောင်းနေကြောင်းသိရသည်။

၀ိုင်းမော်မြို့နယ်တွင် ကေအိုင်အေ အရပ်သားတပ်ဖွဲ့များ အခြေခံစစ်သင်တန်း ယူနေပုံ
KIA သည် ဗန်းမော်ရှိ် အနားယူသွားသောတပ်ဖွဲ့ဝင်များအား ယခုလ ဇူလိုင်လဆန်းပိုင်းမှစ၍ လိုက်လံစု ဆောင်းနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုတလော တိုက်ပွဲတွေပိုပိုဖြစ်လာတယ်။ သတင်းတွေလည်းမကောင်းဘူး။ အဲဒါကြောင့်ထင်တယ်။ ဒီ လိုင်လောရွာနဲ့ ခပရာရွာမှာ အခုတလော လယ်လုပ်ပြီးနေတဲ့ ပြည်သူ့စစ်တွေအားလုံးကို  ပြန်ခေါ်သွားပြီ။ လယ်တွေကိုလည်း လုပ်လက်စနဲ့ ဒီတိုင်းပဲထားခဲ့တယ်။ အားလုံးသွားလိုက်ပြီ” ဟု ပြောသည်။

ထို့အပြင် KIO မှ ခွင့်ယူကာ တရုတ်ပြည်ဘက်ရှိ ဆွေမျိုးအိမ်များနှင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသော တပ်ဖွဲ့ဝင်များကိုလည်း ပြန်လည်စုဆောင်းနေကြောင်းသိရသည်။

ထိုသို့ပြန်လည်ခေါ်ယူခြင်းသည် စစ်မှုထမ်းတစ်ဦးအနေဖြင့် ထိုသို့ တရုတ်ပြည်တွင် ရောက်ရှိ ခိုလှုံနေခြင်းသည် မသင့်တော်ကြောင်းနှင့် လူမျိုးအတွက်တဖန်ပြန်လည် ကြိုးပမ်းလုပ်ဆောင်ရန်ခေါ်ယူပြီး နဂိုနေရာတွင် ပြန်လည်နေရာချပေးရန်ဖြစ်ကြောင်း တပ်မဟာ(၃) တပ်ရင်း ၂၇ မှ အရာရှိတစ်ဦးပြောသည်။

“တချို့က ခဏဆိုပြီး ခွင့်တောင်းပြီးပြန်သွားတာတွေ ဒီလောက်နိုင်ငံရေးရှုပ်ထွေးပြီး တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ပြန်မလာပဲနဲ့ တရုတ်ပြည်မှာ အများအားဖြင့် သွားနေတဲ့လူတွေကို ကျနော်တို့အနေနဲ့ပြန်ခေါ် တာဖြစ် တယ်။ ကျနော်တို့ ကချင်လူမျိုးတွေ စစ်မှုထမ်းဖြစ်ပြီး အခုလိုမျိုး တရုတ်ပြည်မှာ ဟိုယောင် ဒီယောင် လုပ်နေတာ တွေကို မဖြစ်ခိုင်းစေချင်ဘူး။ အခုလိုတိုက်ပွဲတွေဖြစ်ပြီး အရေကြီးနေတဲ့အချိန် ကိုယ့်နယ်မြေမှာ ကိုယ့်လူမျိုးအတွက် Ready ဖြစ်နေဖို့လိုတယ်။ အဲဒါကြောင့်ပြန်ခေါ်ပြီး နေရာပြန်ချပေးဖို့ခေါ်တာပါ” ဟု အရာရှိကပြောသည်။

မြန်မာအစိုးရတပ်ဖွဲ့နှင့် KIA သည် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများရှိနေသော်လည်း လတ်တလော ပို၍ တိုက်ပွဲများပြင်းထန်လာသည်သာမက အစိုးရတပ်များသည် ကချင်ပြည်နယ်သို့ အင်အားထပ်မံတိုးချဲ့လာသည်။

ထို့အတူ အစိုးရအုပ်ချုပ်နယ်မြေတွင်ရှိသော ဒေသခံအမျိုးသားများအား KIO နှင့်ပတ်သက်ဆက်နွယ်သူဟု လိုက်လံဖမ်းဆီးကာ နှိပ်စက်ညှင်းပန်းမှုများလည်းရှိနေကြောင်း ဒေသခံများပြောသည်။

ထို့သို့ နှစ်ဖက်တင်းမာမှုအရှိန်မြင့်နေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှလည်း မိမိတပ်ဖွဲ့မှ အနားယူထားသော အဖွဲ့ဝင်ဟောင်းများကို ပြန်လည်ခေါ်ယူနေခြင်းဖြစ်သည်။

Most read this week