ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ကြီးကြပ်သူများက နိုင်ငံခြား အန်ဂျီအိုများ လာရောက် လှူဒါန်းခြင်းကို လက်မခံ ပဲ ငြင်းပယ်လိုက်ခြင်းမှာ မှားယွင်းသည့် လုပ်ရပ်တခု ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ပြောသည်။
မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ရ ခုက အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် Martayzar အပါအဝင် နိုင်ငံတကာ အန်ဂျီအိုအချို့အား ငြင်းပယ်ခြင်းနှင့် ပတ်သက်ပြီး တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
“လက်မခံဘူးလို့ ကိုယ့်သဘောနဲ့ကိုယ် ပြောလို့ ဘယ်ရပါ့မလဲ။ လူတွေက အကူအညီ လိုအပ်နေပါတယ်။ အကူအညီ လိုအပ်နေတာကို လက်မခံဘူးဆိုတော့ မှားနေပြီလေ” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှ က ပြောသည်။
ရခိုင်ပြည်နယ် အခြေအနေမှာ တည်ငြိမ်မှုသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော်လည်း ဒုက္ခသည်များမှာ ထိန့်လန့်နေကြဆဲ ဖြစ်ကြောင်းနှင့် ဒုက္ခသည်များအတွက် အစားအသောက်၊ အနေအထိုင်နှင့်ကလေးငယ် များ ကျောင်းတက်နိုင်ရေးအတွက် အကူအညီများစွာ လိုအပ်ဆဲ ဖြစ်ကြောင်း သူက ပြောသည်။
နိုင်ငံတကာ အန်ဂျီအိုများသည် ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ ရိုးသားမှု မရှိခြင်းဟု ယူဆရသည့်အတွက် ၎င်းတို့၏ အထောက်အပံ့ကို လက်မခံရခြင်း ဖြစ်ကြောင်း ဒုက္ခသည်များ ခိုလှုံရာ စခန်းတခု ဖြစ်သည့် မောင်တောမြို့ရှိ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်မဏိသာရ က မိန့်သည်။
“အန်ဂျီအို အဖွဲ့အစည်းတွေဟာ လူသား ချင်း စာနာထောက်ထားခြင်း၊ လူမျိုးဘာသာမရွေးကူညီပံ့ပိုးတယ် လို့ ပြောပါသော်လည်းပဲ အရင်က ရခိုင်တိုင်းရင်းသားတွေ ဘာတခုမှ မရခဲ့ပါဘူး၊ ဘင်္ဂလီတွေကိုပဲ ဆေးဝါး အခမဲ့၊ ပညာရေး အခမဲ့၊ ဆန်အခမဲ့ ပေးဝေနေတယ်၊ အခုအချိန်ကြမှ ပံ့ပိုးချင်တယ် ဆိုတာကတော့ စေတနာကော မှန်ရဲ့လား၊ ရိုးကော ရိုးသားရဲ့လား အဲဒီလို မေးခွန်းထုတ်စရာ လိုတယ်။ ဦးဇင်းတို့တော့ မလိုအပ်ဘူးလို့ ထင်တယ်” ဟု ဆရာတော်က မိန့်သည်။
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ စစ်တွေမြို့ ဌာနချုပ်မှ ဦးစံလှကျော် ကမူ “ဟိုတုန်းကတော့ ရှိတယ်ခင်ဗျ၊ အဲဒီအန်ဂျီအိုတွေက မွတ်ဆလင်တွေနဲ့ ရခိုင်တွေ ဆိုရင် မွတ်ဆလင်ဘက်ကို အလေးသာမှာပဲ၊ ဒါလည်း သူတို့ရဲ့ သဘောသဘာဝပါ၊ မွတ်ဆလင်တွေဘက်ကို အလေးသာနေတဲ့အတွက် အခု ရခိုင်တွေကို ပေးနေတဲ့ အလှူကို လက်မခံဘူး ဆိုရင် ဒါက မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ပြောသည်။
မောင်တောမြို့နယ် အကြမ်းဖက်မူ ဖြစ်ရပ်တွင် နိုင်ငံတကာ အန်ဂျီအိုမှ ဒေသခံ ဝန်ထမ်းအချို့ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများကနိုင်ငံတ ကာ အန်ဂျီအိုများအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့ထိ ဖြစ်ပျက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လူပေါင်း ရ၈ ဦး သေဆုံးပြီး၊ ၈၅ ဦး ဒဏ်ရာ ရရှိကာ၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ရသည့် အဆောက်အဦး ၃,၁၅၈ လုံး ရှိကြောင်း အစိုးရ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် တခုလုံးတွင် ဒုက္ခကြုံနေရသူပေါင်း ၉ဝ,ဝဝဝ ခန့် ရှိကြောင်း သိရသည်။