၁၅ လ ကြာ လစာမရ၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရခိုင် ဒေသ ၀န်ထမ်း တချို့ အခက်ကြံု

၁၅ လ ကြာ လစာမရ၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရခိုင် ဒေသ ၀န်ထမ်း တချို့ အခက်ကြံု
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းအထူးအဖွဲ့ (၈)မှ ၀န်ထမ်းများမှာ လစာ မရရှိသည်မှာ ၁၅ လခန့် ရှိနေပြီ ဖြစ်သဖြင့် အထူး အခက်အခဲကြံုတွေ့နေကြရသည် ဟု ၀န်ထမ်းများက နိရဥ္စရာသို့ ပြောသည်။

တောင်ကုတ်- မအီလမ်း (ဓါတ်ပုံ နိရဥ္စရာ)
လစာ မရရှိသော ၀န်ထမ်းစုစုပေါင်း ၁၉ ယောက်ဖြစ်ပြီး  တောင်ကုတ်-မအီလမ်းတွင် အလုပ် လုပ်ကိုင် နေကြသော လမ်းအထူးအဖွဲ့ (၈)မှ စက်မောင်းသူနှင့် ကားမောင်းသူများ ဖြစ်ကြသည်။

လစာ မရသဖြင့် သူတို့ အခက်အခဲ ကြံုတွေ့နေရပုံကို ကားဒရိုင်ဘာတစ်ဦးဖြစ်သူ ကိုကြည်ရွှေက နိရဥ္စရာသို့ ပြောသည်။

“ လစာ မရတဲ့အတွက် ဒီအတိုင်းဘဲ  လုပ်ကိုင်စားသောက်နေကြရပါတယ်။ ကျန်းမာရေးကအစ ကလေးတွေ ကျောင်းစရိတ်၊ စားဝတ်နေရေးကတော့ တော်တော် ကျပ်တည်းနေပါတယ်။ အခုလဲ ကျွန်တော်တို့ အမျိုးသမီး တွေဆိုရင် ကတ္တရာလမ်းမှာ လမ်းပေါက် ဖာတာတွေ၊ ကျောက်ထု တာတွေကို လုပ်နေပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်”  ဟု ပြောသည်။

သူတို့ ၀န်ထမ်းများ လစာ မရသည်မှာ ၂၀၁၁ ခုနှစ် ဧပြီလမှ စ၍ ယခုအချိန်ထိ ဖြစ်သည်ဟု သူက ပြောသည်။

“ ကျွန်တော််တို့ ၂၀၁၁ ခုနှစ် ၄ လပိုင်းက စပြီးတော့ အခုအချိန်ထိ မရသေးပါဘူး။ ဘာဖြစ်လို့ မရလဲဆိုတော့ နိုင်ငံတော် ဘတ်ဂျက်အခြေအနေကြောင့်လို့ ပြောပါတယ်။ အခု ၂၀၁၂ ခုနှစ် ၄ လပိုင်းကစပြီးတော့ တခြားအဖွဲ့တွေကို ပေးပါတယ်။ လမ်းအထူးအဖွဲ့ (၂)က ၀န်ထမ်းတွေဆိုရင် လစာတွေ ရနေကြပါပြီ။ ကျွန်တော်တို့ လမ်းအထူးအဖွဲ့ (၈)က ၀န် ထမ်းတွေဘဲ လစာမရ ဖြစ်နေကြပါတယ်။”

လမ်းအထူးအဖွဲ့ (၈)မှ ၀န်ထမ်းများမှာ ယခင်နှစ်များက လစာငွေ တစ်လလျှင် ကျပ်ငွေ ၂၂၀၀၀ ရရှိခဲ့သည်။

ယခုအခါ လစာဖြတ်တောက်ထားသည်မှာ တနှစ်ပြည့်သွားပြီဖြစ်သော်လည်း လမ်းအထူးအဖွဲ့မှ လစာငွေ ပြန် လည် ရရှိသဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးထံသို့ လိပ်မူပြီး လမ်းအထူးအဖွဲ့ (၈) ၀န်ထမ်းများက လက်မှတ်ရေးထိုးထားသော တိုင်တန်းစာကို လွန်ခဲ့သည့် ၂ ရက်ခန့်က ပေးပို့ထားသည်ဟု ဆိုသည်။

အဆိုပါ တိုင်တန်းစာ မိတ္တူကို ဌာနေကိုယ်စားလှယ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ရန်ကုန်မြို့)၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊  ၈၈ မျိုးဆက်ကျောင်းသားများ နှင့်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-  တောင်ကုတ်မြို့တို့ကို ပေးပို့ထားသည်ဟု သိရှိရသည်။

Most read this week