KIA တပ်ရှိရာသို့ အစိုးရတပ်များ စစ်အင်အားတိုးချဲ့ထိုးစစ်ဆင်နေဆဲ

KIA တပ်ရှိရာသို့ အစိုးရတပ်များ စစ်အင်အားတိုးချဲ့ထိုးစစ်ဆင်နေဆဲ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရစစ်တပ်များသည် ယမန်နေ့ ဇွန်လိုင်လ ၄ ရက်တွင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှ စစ်အင်အား များနှင့် လက်နက်များဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရှိရာသို့ တိုးချဲ့ ထိုးစစ်ဆင်လာကြောင်း ဒေသခံမျက်မြင်များပြောသည်။

၀ိုင်းမော်မြို့နယ် ဆဒုံဒေသတွင် အစိုးရထိုးစစ်ကို ခုခံနေသော KIA တပ်ဖွဲ့များ။
အစိုးရစစ်တပ်များသည် ကားများ မြင်းများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အခြေစိုက်ရာနေရာများသို့ ချီတက်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။

“စစ်ကားက ၁၃ စီးဟုတ်တယ်။ ကားတွေမှာတော့ မိုးကာတွေနဲ့အုပ်ထားတော့ ဘာတင်တာလဲမသိဘူး။ စစ်သားက ၈၀ ကျော်လောက်ရှိမယ်။ မြင်းတွေနဲ့ မြင်းအကောင်က ၃၀ ကျော်တယ်။ လမ်းလျှောက် ပြီးသွားနေတာ” ဟုပြောသည်။

လတ်တလော အစိုးရတပ်ဖက်မှ စစ်အင်အားတိုးချဲ့မှုများသည် KIA တပ်ဖွဲ့ ရှိရာနယ်မြေတွင်းသို့ တဟုန် ထိုးချီတက်လာကြောင်း ဒေသခံများပြောသည်။

KIA တပ်မဟာ (၃)နယ်မြေ မြစ်ကြီးနား-ဗန်းမော်လမ်း အင်မောက်အနီး အင်ဂွေါန်ရွာနှင့် ဂျခန့်တပ်ကြား တွင်လည်း ဇွန်လိုင် ၃ ရက်နေ့တွင် အစိုးရတပ် ခလရ ၂၃ရ သည် စစ်အင်အား ၈၀ ကျော်ထပ်မံတိုးချလာ ကြောင်း သိရသည်။

ထို့အတူ ဖားကန့် မြို့ ကေအိုင်အေ တပ်မဟာ (၆) နေရာတွင်လည်း ဇွန်လိုင်လ ၂ ရက်နေ့က အစိုးရတပ် တပ်မ (၃၃) သည် စစ်အင်အား ၁၀၀ ကျော်ဖြင့် ကထန်ယန်တွင် ရောက်ရှိလာကြောင်း ကေအိုင်အိုအရာရှိများ ပြောသည်။

ထို့ပြင် ကထန်ယန်မှ ၃ မိုင်အကွာရှိ လွယ်ဆိုင် မိုင်ခရိုဝိတ်တွင်လည်း တပ်သား ၅၀ ကျော်ရောက်ရှိလာပြီး ၎င်းနေရာတွင် လက်နက်ကြီးများဖြင့် အသင့်ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာနေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ဇူလိုင် ၂ ရက်တွင် KIA တပ်ဖွဲ့ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) မှ ထောင်ထားသည့် မြေမြုပ်မှိုင်း ကြောင့်  မြန်မာအစိုးရတပ်မှ အမြောက်အများ သေဆုံးခဲ့ကြောင်း ရှေ့တန်းသတင်းမှဆိုသည်။

မြန်မာအစိုးရတပ် ခလရ (၂၇၄) စစ်အင်အား ၃၀ ကျော်ဖြင့်ထိုးစစ်ဆင်လာချိန်တွင်လည်း အရာခံဗိုလ် ဖော်ကွန်ယော်ထုံ ဦးဆောင်သည့်တပ်ဖွဲ့၏ မြေမြုပ်မှိုင်းဖြင့် ဝဝမ်ဘွမ် (Wa Wang Bum) တွင်တိုက်ခိုက်ခံ ရသောကြောင့် မြန်မာအစိုးရတပ်မှ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁၂ ဦးသေဆုံးကြောင်း တပ်ရင်း ၅ အရာရှိများ ပြောသည်။

အစိုးရနှင့် KIO သည် ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးများအကြိမ်ကြိမ်ပြု လုပ်နေသော်လည်း နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

နှစ်ဖက်တင်းမာမှုအရှိန်လျော့သွားခြင်းမရှိသော်လည်း မကြာမီ ငြိမ်းချမ်းရေးအတွက် ထပ်မံညှိနှိုင်းဆွေးနွေး မှုပြုလုပ်သွားမည်ဖြစ်သည်။

Most read this week