ဦးဘရန်ရှောင်အား အာဏာပိုင်များ မတရားဖမ်းဆီးမှု တရားသူကြီးရှေ့တွင် ပေါ်လွင်သွားခဲ့

ဦးဘရန်ရှောင်အား အာဏာပိုင်များ မတရားဖမ်းဆီးမှု တရားသူကြီးရှေ့တွင် ပေါ်လွင်သွားခဲ့
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား ဂျန်မိုင်ကောင် နှစ်ခြင်းခရစ်ယာန်ဒုက္ခသည်စခန်းမှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးသွားသည့် ဦးလထော်ဘရန်ရှောင်အား စစ်ဘက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ)မှ ဇွန်လ ၂၈ ရက်နေ့က တရားရုံးတွင် ဖြောင့်ချက်ပေး ခိုင်းခဲ့ရာ ၀ွမ်းဗိုက် ချက်ပေါ်တွင် အသံဖမ်းစက်တပ်ဆင်ထားခြင်းအား တွေ့ရှိခဲ့သောကြောင့် တရားရုံးမှ ပယ်ဖျက်ပေးလိုက်သည်။

မြန်မာအစိုးရ ရဲနှင့် စရဖ များ ဦးဘရန်ရှောင် ကို ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းတွင် ဖမ်းဆီးနေပုံမြစ်ကြီးနား တရားရုံးတွင် အာဏာပိုင်များက ဦးဘထော်ဘရန်ရှောင်အား မိမိအားစွပ်စွဲထားသည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ တရားသူကြီးရှေ့တွင် အပြစ်ဝန်ခံ ဖြောင့်ချက်ပေးခဲ့ရာတွင် ၄င်းကို တရားသူကြီးကိုယ်တိုင် စစ်ဆေးမေးမြန်း၍တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

“ကျနော် အဲဒီညမှာပဲ တရားသူကြီးဆီသွားမေးကြည့်တော့ သူကပြောပြတယ် ဦးဘရန်ရှောင်ရဲ့ မျက်လုံးတွေ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ပြီးတော့ မျက်နှာအောက်မှာတော့  မီးနဲ့တို့ထားပေးတဲ့ ဒဏ်ရာအကြီးကြီး ရှိနေတယ်။ တစ်ကယ်တော့ ဒီလိုမျိုး ဒဏ်ရာရှိနေရင် ဖြောင့်ချက်လည်း ပေးလို့မရဘူးလေ။ အဲဒီတော့ တရားသူကြီးက အဲဒီဒဏ်ရာ ဘယ်လိုရတာလဲလို့မေးတော့ ဆိုင်ကယ်မောက်ပြီးရတယ် လို့ပြောတယ်တဲ့” ဟုပြောသည်။

သို့သော် ဦးဘရန်ရှောင်အား တရားသူကြီး မေးမြန်းရာတွင် တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်ခြင်းကြောင့် ဖြစ်သည့် မျက်နှာထားမျိုးကိုတွေ့ရသောကြောင့် အကြိမ်ကြိမ်စစ်ဆေးမေးမြန်းရာတွင် တွေ့ရှိသွားခြင်းဖြစ် ကြောင်း ရှေ့နေဦးမာခါးဆက်ပြောသည်။

“အဲဒါမှန်လား သေချာပြောနော်လို့ပြန်မေးတော့ သူက ကြောက်ကြောက်နဲ့ ဘေးကိုကြည့်တော့ တရားသူကြီး က ဘေးမှာရှိနေတဲ့ စရဖ လူတွေ ရဲတွေကို အပြင်ထွက်ခိုင်းပြီး ခင်ဗျားဖြောင့်ချက် တစ်ကယ်ပေးမှာလား လို့ပြန် မေးတော့ ပေးမယ်လို့ပြန်ပြောတယ်တဲ့ အဲဒီအချိန်မှာ အပြင်မှာရှိနေတဲ့ စရဖ လူတွေက ဂနာမငြိမ် ဖြစ်နေတယ်တဲ့ အဲဒီနောက် ဦးဘရန်ရှောင်ရဲ့ အပေါ်အကျီ ချွတ်လိုက်တော့ သူ့ချက်မှာ အသံဖမ်း စက်ကပ် ထားတာကိုတွေ့တော့ တရားသူကြီးက စိတ်ဆိုးပြီး ဖြောင့်ချက်မယူတော့ဘူးတဲ့။ အဲဒီနောက်သူ့ကို ဘယ်ကိုပြန်ခေါ်သွားကြလဲမသိဘူး” ဟု ပြောသည်။
brang-shawng-was-taken-to
အာဏာပိုင်များသည် ဦးဘရန်ရှောင်၏ မိသားစုဝင်များနှင့် သူ၏ရှေ့နေဦးမာခါးကို ယခုချိန်ထိတွေ့့ဆုံခွင့်မပေး သောကြောင့် ဆက်လက်၍ ညှင်းပန်းနှိပ်စက်မည်ကို ဦးဘရန်ရှောင်၏မိသားစုများလည်း စိုးရိမ်ပူပန်နေကြ သည်။

၎င်းဖြစ်ရပ်ကို တရားသူကြီးမှ ဓါတ်ပုံရိုက်ပြီး မြို့နယ်တရားရုံးသို့ တင်ပြရန်ပြင်ဆင်ရာတွင်လည်းစစ်ဘက် ရေးရာ လုံခြံုရေးအဖွဲ့မှ ထိုသို့မတင်ပြပေးရန် တရားသူကြီး ဦးဇော်မင်းအား တောင်းဆိုခဲ့ကြောင်းသိရသည်။

ဦးလထော်ဘရန်ရှောင်သည် ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းမှ အဆောင်မှူးတစ်ဦးလည်းဖြစ်ကာ  ဇွန်လ ၁၇ ရက်ညတွင် မြစ်ကြီးနား စစ်ဘက်ရေးရာ လုံခြံုရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ မေးမြန်းစစ်ဆေးရန်  ရပ်ကွက် ရယက ဥက္ကဌ သက်သေများနှင့်အတူ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးထားပြီးနောက် သူ့အား မြစ်ကြီးနားတဝိုက် ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲကာ ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာမှာ ကိုယ်ဟန်ပြအမူအရာများကိုလည်း လုပ်စေပြီးနောက် ရုံးထုတ်ပြီး ဖြောင့်ချက်ပေးခိုင်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ယခုလို ဒုက္ခသည်စခန်းများတွင် မသင်္ကာသူများကို လိုက်လံဖမ်းဆီးအရေးယူခြင်းနှင့်ပတ်သက်၍ ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာဦးလဖိုင်ဂျာနော်ဦးဆောင်သည့် အဖွဲ့ဝင် ၅ ယောက် သည် လာမည့် ဇွန်လိုင် ၆ ရက်နေ့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တန်းစီလှည့် လည်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအာဏာပိုင်များအား စာဖြင့်တောင်းဆိုထားသည်။

ဆန္ဒပြဖော်ထုတ်တောင်းဆိုမည့် ရည်ရွယ်ချက်သည် အစိုးရမှ ဖမ်းဆီးသွားသော ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် အစိုးရထိန်းချုပ်နယ်မြေ ဒုက္ခသည်စခန်းများတွင် ထွက်ပြေးခိုလှုံနေသော ဒုက္ခသည်များကို ဖမ်းဆီးမှု ညှင်းပမ်းနှိပ်စက်မှုမျိုး မပြုလုပ်ရန်နှင့် တရားဥပဒေနှင့်အညီ ၂၄ နာရီ အတွင်း အပြစ်မရှိပါက ပြန်လွှတ်ပေးရန်အပြင် အစိုးရကိုယ်တိုင် ဒုက္ခသည်များကို တာဝန်ယူဆောင်ရွက်ပေးတောင်း ဆိုထားသည်။

ဦးလထော်ဘရန်ရှောင်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာသွားလမ်း အင်ပေါန် (N’pawn) ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၄င်းသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဒုက္ခသည်စခန်း သို့ခိုလှုံနေသည်မှာ တနှစ်ကျော်ကြာနေထိုင်နေခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံများသည် ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဦးဘရန်ရှောင်သည် အပြစ်မဲ့ပြည်သူတစ်ဦးသာဖြစ်ကြောင်း ပြောဆိုနေကြပြီး အစိုးရသတင်းစာအချို့တွင်မူ ဖောက်ခွဲသူတရားခံအဖြစ်ဖော်ပြရေးသားခဲ့သည်။

Most read this week