ကုလမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့- UNICEF ၏ အထူးသံတမန်ဖြစ်သူ ဟောင်ကောင် ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်လည်ပတ်မည် ဟု ရန်ကုန်ယူနီဆက်ဖ်ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။
ရန်ကုန် UNICEF ရုံးတာဝန်ရှိသူ တဦးက “ လူကုန်ကူးခံခဲ့ရာကနေ လွှတ်မြောက်လာတဲ့ ကလေးသူငယ်တွေနဲ့ တွေ့ဆုံ ပြီး လိုအပ်တဲ့အကူအညီတွေကို မေးမြန်း အကူအညီပေးဖို့ လာရောက်တာဖြစ်တယ်။” ဟု မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်မည့် ဟောလိဝုဒ်အက်ရှင်မင်းသား မစ္စတာချန်းသည် ဇူလိုင်လ ၅ ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ကာ ဇူလိုင် ရ ရက်နေ့တွင် ရန်ကုန်မြို့ရှိ UNICEF ရုံး တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။
သူ၏ ၃ ရက်တာ ခရီးစဉ်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးရေးဋ္ဌာန (မန္တလေး) တွင် ရှိသည့် လူကုန်ကူးခံရပြီး ပြန်လည် လွတ်မြောက်လာသော ကလေးသူငယ်များ၊ မိဘမဲ့ ကလေးသူငယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။
“ကလေးသူငယ်တွေကို လူကုန်ကူးခြင်းနဲ့ အမြတ်ထုတ်ခြင်းက အင်မတန်ဆိုးဝါးတဲ့ ရာဇဝတ်မှုဖြစ်ပါတယ်၊ ဒါဟာ ကလေးသူငယ်တွေရဲ့ ဘဝတသက်တာမှာ အမာရွတ်ထင်ကျန်စေပြီး ကလေးများရဲ့ ငယ်စဉ်ဘဝကို ဆုံးရှုံးစေပါတယ်၊ ကလေးသူငယ်တွေဟာ ရောင်းကုန်မဟုတ်ပါဘူး၊ ဒီလိုရာဇဝတ်မှုလုပ်ရပ်တွေကို ရပ်တန့်သွားဖို့ ကြိုးစားရမယ်” ဟု UNICEF ၏ ထုတ်ပြန်ချက်တွင် မင်းသား ဂျက်ကီချန်းက ထည့်သွင်းပြောထားသည်။
UNICEF မြန်မာကိုယ်စားလှယ် မစ္စတာရာမက်(ရှ်) ရှရသာ(စ်) က “ ကလေးသူငယ်တွေဟာ မစ္စတာချန်းရဲ့
ပြောင်မြောက် တဲ့ ဟာသ သရုပ်ဆောင်မှုတွေ၊ စွန့်စားခန်းတွေ၊ ရဲစွမ်းသတ္တိပြသမှုတွေနဲ့ ကိုယ်ခံပညာ သရုပ်ဆောင်မှု တွေကို အထူးစိတ်ဝင်စားနှစ်သက်ကြပါတယ်၊ သူဟာ အနာဂါတ် ကလေးသူငယ်တွေအတွက် အားတက်စရာ ဂုဏ်ယူဖွယ်ရာကောင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။” ဟု ဂျက်ကီချမ်း၏ စွမ်းဆောင်ရည်ကို ပြောသည်။
ဂျက်ကီချန်းသည် ၂ဝဝ၄ ခုနှစ်မှစ၍ UNICEF ၏ အထူးသံတမန်တဦးဖြစ်ပြီး ကလေးသူငယ် လူကုန်ကူးခံရမှု ပပျောက်ရေး အတွက် ရုံးစိုက်ရာ နိုင်ငံပေါင်း ၁၉ဝ သို့ သွားရောက်လည်ပတ်ခြင်းဖြစ်သည်။
ကမ္ဘာတဝှမ်းတွင် နှစ်စဉ် ကလေးသူငယ် ၁၂ သန်းခန့် လူကုန်ကူးခံနေရပြီး လူကုန်ကူးခြင်းမှ ဒေါ်လာဘီလျံ များစွာ အကျိုးအမြတ်ရရှိနေသည့် ရာဇဝတ်မှုလုပ်ငန်းဖြစ်ကြောင်း UNICEF က ထုတ်ပြန်ထားသည်။