ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်

ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်
by -
မဇ္ဈိမ

ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။

ဒုသမ္မတ ရာထူးမှ အနားယူသွားသော ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ (ဓါတ်ပုံ မဇ္စျိမ)
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့် တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော် သား လွှတ်တော်အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှ ပြန်လည်ရွေးချယ်ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။

ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြံုပေါ်မူတည်၍ မဇ္ဈိမကို ပြောသည်။

"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေးရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ်ထင်တယ်။" ဟု မဇ္ဈိမကိုပြောသည်။

တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သား သမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းပါရှိသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး တွင်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။

လွှတ််တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထားသည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကို ဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။

Most read this week