မင်းပြား မြို့နယ်် ပုလဲပေါက်ရွာမှ လယ်သမားများကို စကခ ၉ မှ တရားစွဲ

မင်းပြား မြို့နယ်် ပုလဲပေါက်ရွာမှ လယ်သမားများကို စကခ ၉ မှ တရားစွဲ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာ(ခေါ်) ဗလိပေါက်ကျေးရွာမှ ရပ်ရွာလူကြီး (၃) ဦးအား ကျောက်တော် အခြေစိုက် စကခ (၉) မှ တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ploughing
တရားစွဲခံရသူများမှာ ဦးမောင်ပု၊ ဦးအလုံးမောင်၊ ဦးကျော်ဇံံရွီတို့ ဖြစ်ကြသည်။ တရားစွဲ ဆိုသူမှာ ကျောက်တော် အခြေစိုက် စကခ(၉)  တပ်မမှ ဗိုလ်ကြီး  ဝေယံဖြိုး ဖြစ်ပြီး သူက  တရားလိုလုပ်ပြီး မင်းပြားမြို့ မြို့နယ် ရဲစခန်းတွင် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

“ သူတို့က တပ်ကပိုင်တဲ့ လယ်တွေကို ရွာသားတွေ တက်ရောက် လယ်ထွန်တဲ့ အတွက် ရွာသားတွေရဲ့ ကိုယ်စား လူကြီး ၃ ဦးကို ဇွန်လ  ၂၈ ရက်နေ့မှာ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ကျန်တဲ့ ရွာသားတွေကိုတော့ တရားမစွဲတော့ဘူးလို့ ပြောပါတယ်။ မင်းပြားရဲစခန်းမှာ ဗိုလ်ကြီး ဝေယံဖြိုးက လာရောက် အမူဖွင့် တရားစွဲထားပါတယ်” ဟု တရားစွဲခံရရာတွင် ပါ၀င်သူ ဦးမောင်ပုက ပြောသည်။

ပုလဲပေါက်ကျေးရွာမှ လယ်သမားများပိုင် လယ်ဧက ၄၁၅ ဧကကို ကျောက်တော် အခြေစိုက် စကခ (၉) မှ ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့သည်။ ၎င်းနောက်ပိုင်းမှာ လယ်သမားများကို တစ်ဧက ၁၃ တင်းနုန်းဖြင့် စစ်တပ်က သီးစား ပြန်ချခဲ့သည်။

၂၀၁၀ ရွှေးကောက်ပွဲ ပြီးနောက် ဦးသိန်းစိန် အစိုးရတက်လာသော အခါ အဆိုပါ လယ်များကို ရွာသားများက ပြန်ပေးရန် သမ္မတ ဦးသိန်းစိန်ကို အသနားခံခဲ့ကြသည်။

“ ကျွန်တော်တို့ သမ္မတကြီးဆီကို အသနားခံတာက လွန်ခဲ့တဲ့နှစ် စက်တင်္ဘာလက ဖြစ်ပါတယ်။ ဒီလယ်တွေဟာ ကျွန်တော်တို့ရဲ့ ဓါးမဦးချ လုပ်ကိုင်လာတဲ့ လယ်တွေ ဖြစ်တဲ့ အတွက် လယ်တွေကို ပြန်ပေးဖို့ ရွာသားတွေအကုန်လုံး လက်မှတ် ရေးထိုးပြီး သမ္မတကြီးဆီကို မေတ္တာရပ်ခံခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

ထိုသို့ အသနားခံခဲ့ပြီး နောက် မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဆိုပါ လယ်များကို စစ်တပ်က မပိုင်တော့ကြောင်း၊ သို့အတွက် ရွာသားများ အညီအမျှ ခွဲဝေ လုပ်စားကြရန် ယခုနှစ် မတ်လအတွင်းက ရွာရောက်ရှိလာစဉ် ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပြီးတဲ့ နောက်ပိုင်းမှာ မြို့နယ် စည်ပင်ရဲ့ အမိ်န့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေ စုပေါင်း လုပ်စားကြပါဆိုတော့ နွားအချဉ်း ၅၀ (ကောင်ရေ ၁၀၀) နဲ့ အတူ ရွွာသားတွေက ဘုံပိုင် လယ် အဖြစ် ထွန်ယက် စိုက်ပျိုးကြတော့ စစ်တပ်က ရောက်လာပြီး ခုလို တရားစွဲဆိုတာ ဖြစ်ပါတယ်။”

တရားစွဲဆိုခံရပြီးနောက် ရဲစခန်းမှ လယ်သမား (၃) ဦးဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် လက်ခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ သုံးဦးကို စတရားစွဲတဲ့ ဇွန်လ ၂၈ ရက်နေ့မှာ မင်းပြားရဲစခန်းမှာ စစ်ဆေးပါတယ်။ ရဲမြို့နယ်မှူးက ဘာကြောင့် စစ်တပ်ပိုင်တဲ့ လယ်မှာ ခွင့်ပြုချက် မရှိဘဲ လယ်ထွန်ရသလဲ စသဖြင့် မေးပါတယ်။ နောက်လည်း ရဲက ဆက်မေးအုံးမှာ ဖြစ်ပါတယ်။ စစ်ဆေးပီးမှ ဒီအမူ မြို့နယ် တရားရုံးကို တင်မှာ ဖြစ်ပါတယ်” ဟု ဦးမောင်ပုက ဆိုသည်။

ယခု လယ်ထွန်ယက်စိုက်ပျိုးရာတွင် လယ်သမား ၂၀ ခန့် ပါ၀င်ပြီး ကျေးရွာသား အများအပြားမှာ သူတို့ကိုလည်း နောက်ပိုင်းတွင် တရားစွဲဆိုလာမည်ကို စိုးရိမ်နေကြပြီး အကယ်၍ တရားစွဲဆိုပါက ဆင်းရဲကြသည့် အထဲ စားစရာ မရှိ လျော်စရာသာရှိ ဆိုသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week