အစိုးရဌာနအချို့၏ စီမံခန့်ခွဲမှု အားနည်းချက်၊ အစိုးရ၏ မှားယွင်းသည့် မူဝါဒများ ချမှတ်မှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် စနေနေ့က တွေ့ဆုံဆွေးနွေးရာ တွင် ထောက်ပြပြောဆို ဝေဖန်သွားကြသည်။
ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT Park ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင် များနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များမှ ထောက်ပြပြောဆိုသွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က လယ်သမားများ လက်ရှိကြံုတွေ့နေရ သည့် စိုက်ပျိုးစရိတ် ထုတ်လုပ်စရိတ် ကြီးမြင့်သည့် အခြေအနေကို တင်ပြခဲ့ပြီး လယ်သမားများကို အကူအညီပေးသည့် အစိုးရ၏ မူဝါဒမှာလည်း ထိရောက်မှုမရှိဟု ဝေဖန်ပြောဆိုသွားသည်။
"လယ်ယာကဏ္ဍ မူဝါဒတွေကို ကျနော် ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်း ပြောရရင်၊ နိုင်ငံတော်ရဲ့ လယ်ယာ ကဏ္ဍ မူဝါဒတွေဖြစ်တဲ့ ဒုတိယခြေလှမ်းနဲ့ ပထမ ခြေလှမ်းဟာ မှားနေပါတယ်။ လယ်ယာကဏ္ဍက အဓိကလို့ ပြောပေမယ့် လယ်ယာကဏ္ဍမှာ ထည့်သွင်းပေးတဲ့ ဘဏ္ဍာရေး အစီအစဉ်ဟာ ယနေ့အထိ ထိထိရောက် ရောက် မရှိသေးဘူးဆိုတာ ကို ကျနော်တို့ လက်တွေ့ သုံးသပ်လို့ရပါတယ်။" ဟု ဆွေးနွေးမှုအတွင်းထည့် သွင်း ပြောသွားသည်။
ယင်းအပြင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်ကလည်း ကုန်သွယ်မှု လုပ်ငန်းလုပ်ဆောင်ရာတွင် စိစစ်မှုကြာမြင့်ခြင်း၊ လုပ်ထုံးလုပ်နည်းများ များလွန်းခြင်းတို့ကြောင့် ကုန်ပစ္စည်းလေလွင့်မှုများခြင်း၊ မလိုအပ်ဘဲ ကုန်သွယ်စရိတ် ပိုလာခြင်းတို့ ဖြစ်ပေါ်နေသည် ကို ထောက်ပြပြောဆိုသွားသည်။
ဦးအေးလွင်က ထိုအခြေအနေများကို ဌာန ဆိုင်ရာများသို့ တင်ပြခဲ့သော်လည်း ထိရောက်မှု မရှိသည်ကို "ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ အနှစ် ၂၀ လုံးလုံး တာဝန်ရှိတဲ့လူလည်း ကျနော်တို့ တင်ပြနေတယ်။ တာဝန်မရှိတဲ့ လူလည်း ကျနော်တို့ တင်ပြနေတယ်။ ကျနော်တို့ တင်ပြခဲ့တာတွေဟာ ထပ်တလဲလဲ ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့် Modefine ဖြစ်မသွားတာလဲဆိုတာ ကျနော်တို့ တင်ပြတဲ့လူ အားနည်းတာလား။ တနေရာမှာ မှားနေသလားဆိုတာ ကျနော်တို့ စဉ်းစားဖို့လိုပါတယ်။" ဟု ဌာနဆိုင်ရာတို့၏ စီမံခန့်ခွဲမှု အားနည်းချက်များကို ပြောသွားသည်။
ယင်းအပြင် ကုန်သွယ်ရာတွင်း လမ်းတံတား အခွန်အခများကို အာဆီယံ စံနှုန်းအတိုင်း ပေးဆောင်နေရ သော်လည်း လမ်းများ၏ အရည်အသွေးများမှာ အာဆီယံစံချိန်နှင့် မကိုက်ညီဟုလည်း ထည့်သွင်းပြောသွားသည်။
"လမ်းကတော့ နိုင်ငံတကာမှာ ကျောက်ခဲလေးတွေ လက်ကလေးတွေနဲ့မပြီး သဲလေးတွေဖို့ပြီး ကတ္တရာ ပါးပါးလေး ခင်းတဲ့ အာဆီယံနိုင်ငံမရှိပါဘူး။ အဲဒီတော့ ကျနော်တို့က ကြက်ဥက အရင်လား ကြက်မက အရင်လားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အဲဒီရဲ့ အတွေးအခေါ်တွေ အဲဒီ ကွင်းဆက်တွေကို ပြင်ဖို့လိုပါမယ်။" ဦးအေးလွင်က ပြောဆို သွားသည်။
UMFCCI ၏ ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေက ကုန်သွယ်ရာတွင် သယ်ယူပို့ဆောင်စရိတ်များ များလွန်းသည်ကို ထောက်ပြပြောဆိုသွားသည်။ မိုင် ၄၃၀ ကွာဝေးသည့် ရန်ကုန်နှင့် မန္တလေး ကုန်တပိဿာ သယ်ယူစရိတ်မှာ ၈ဝ ကျပ်ခန့်ရှိပြီး၊ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ မိုင် ၄၂၂ မိုင် ကွာဝေးသည့် မဲဆောက်မြို့နှင့် ဘန်ကောက်မြို့ သို့ ကုန်တပိဿာ သယ်ယူစရိတ်မှာ ၃၈ ကျပ်သာ ကျသင့်သည်ကိုလည်း နှိုင်းယှဉ်ပြောသွားခဲ့သည်။
ယင်းအပြင် ဆာကူရာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်ကလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအပါအဝင် အစိုးရ စက်မှုအလုပ်ရုံ များမှ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ကားအစိတ်အပိုင်းများကို ပြန်လည်တပ်ဆင်ကာ ကားအတုများ ထုတ်လုပ် ခြင်းကြောင့် မြန်မာနိုင်ငံ၏ စက်မှုနည်းပညာအရည်အသွေး နည်းကျသွားသည်ဟု လည်း ထောက်ပြပြောဆို သွားသည်။
"တရားဝင်လည်း ကားတွေကို အပိုင်းပိုင်းဖြတ်ပြီး သွင်းတယ် တရားမဝင်လည်း သွင်းတယ်။ သွင်းပြီးတော့ မော်တော် ကား အတုထုတ်တဲ့ လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဒါဟာလည်း ပုဂ္ဂလိက စက်ရုံတွေတင် မဟုတ်ပါ ဘူး။ အစိုးရ စက်ရုံတွေကလည်း ဒီလိုပဲ လုပ်ကိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကစက်မှုလက်မှု ရေရှည်တိုး တက်ရေး အတွက် မရည်ရွယ်ဘဲ ရေတိုကို စဉ်းစားလုပ်ကိုင်ခဲ့တဲ့အတွက် ကျနော်တို့ဆီမှာ နည်းပညာပိုင်းမှာ ဘာမှ တိုးတက်မှု ဖြစ်မလာ ခဲ့ပါဘူး။" ဟု ဦးဋ္ဌေးက ဆွေးနွေးခဲ့သည်။
ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်မှလည်း "နိုင်ငံခြားသို့ တင်ပို့တဲ့နေရာမှာ ဆိပ်ကမ်း အကောက်အခွန် ရှင်းလင်းရေး ကိစ္စများမှာ စာရွက်စာတမ်းကိစ္စ၊ အစစ်အဆေးခံခြင်းကိစ္စ၊ ကုန်ပစ္စည်း အစစ်အဆေးခံခြင်း ကိစ္စများမှာ စစ်ဆေးရာမှာ အချိန်ကြာမြင့်ခြင်း၊ ကုန်သေတ္တာများကိုကုန်တင်ယာဉ်များ ပေါ် တင်ဆောင်ပြီးမှ ကုန်ပစ္စည်းများကိုနောက်တကြိမ် ဖွင့်ဖေါက်စစ်ဆေးခြင်း ကုန်သေတ္တာ ငှားရမ်းခများ ပိုမိုပေးဆောင်ရသည့်အတွက် ကုန်ကျစရိတ်များ များပြားခြင်းစတဲ့ အချက်တွေဟာ နှစ်ပေါင်းများစွာ ကြာပါပြီ" ဟု ကုန်သွယ်ရာတွင် တွေ့ကြံုနေရသည့် အခက်အခဲများ ကို ထည့်သွင်း ဆွေးနွေးသွားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းမှ ပြန်လည် ဆွေးနွေးရာတွင် "ဒီလိုဝန်ကြီးဌာနတွေကိုလည်း နားထောင် တာ နားမထောင်တာ သူ့အလုပ်၊ ပြောရမှာ ကိုယ့်အလုပ်၊ ကိုယ့်အလုပ်က ဘာလဲဆိုရင် အသင်းကို တာဝန်ခံထားရင် အသင်း ဥက္ကဋ္ဌတွေ၊ အမှုဆောင်တွေက ပြောရမှာ ကိုယ့်အလုပ်၊ ကျန်တဲ့ ဌာနတွေမှာရှိတဲ့ ပုဂ္ဂိုလ်များဟာလည်း ကိုယ်နဲ့ သက်ဆိုင်ရာကို ပြောရမှာကိုယ့်အလုပ်။ နားထောင်တာ နားမထောင်တာ သူ့အလုပ်။ ပြောပြီးရင်တော့ ကျနော်တို့ပြောပြီးပြီ။ ကျန်တာတော့ ခင်ဗျားတို့ရဲ့ တာဝန်ပဲ။ မှတ်တမ်းမှတ်ရာ လိုမယ်ဆိုရင် မှတ်တမ်းမှတ်ရာနဲ့ လုပ်ပါ။" ဟု
ဆွေးနွေးသွားသည်။
ဦးရွှေမန်းက တင်ပြချက်များနှင့် ပတ်သက်၍ "အခု တင်ပြတာတွေ အားလုံးရရမယ်လို့ ကတိမပေးနိုင်ပါဘူး။ ကျနော် ကတိပေးနိုင်တာကတော့ နိုင်ငံသူ နိုင်ငံသားများ တိုင်းရင်းသား လုပ်ငန်းရှင်များကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေများပေါ်ထွက်ရေး အတွက်တော့ ကတိပေးနိုင်ပါတယ်။" ဟု ပြောဆိုသွားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းတို့ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။