ဗကသ (အထက်ဗမာပြည်)အား မန္တလေး ထွေ/အုပ် ခေါ်ယူသတိပေး

ဗကသ (အထက်ဗမာပြည်)အား မန္တလေး ထွေ/အုပ် ခေါ်ယူသတိပေး
by -
မဇ္စျိမ

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) အား မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ၎င်း၏ရုံးတွင် သောကြာနေ့က ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။

တိုင်း ထွေ/အုပ် ညွှန်ကြားရေးမှူးမှူး ဦးအုန်းလွင် ဦးဆောင်သည့် တိုင်း ဥပဒေအရာရှိ၊ ရဲမှူး တို့ပါဝင်သည့် အဖွဲ့က ဗကသ များအဖွဲ့ချုပ်မှ ကိုရဲရင့်ကျော် အပါအဝင် ကျောင်းသား ခေါင်းဆောင် လေးဦးအား မှတ်ပုံတင်မထားသည့် ဗကသ ၏ တရားမဝင်မှုနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံခဲ့ရသည့် 7 July ရွှေရတုနေ့ ကျင်းပခြင်းကို ခွင့်မပြုနိုင်ကြောင်း ဗကသ (အထက်ဗမာပြည်) ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။

“ဗကသ ဆိုတာ တရားဝင ်ဖွဲ့စည်းထားခြင်း မရှိသေးတဲ့အတွက် နောက်တခါ 7 July ဆိုတာ အာဇာနည်နေ့လို
ဂေဇက်ဝင် တရားဝင် သတ်မှတ်ပေးထားတဲ့ရက် မဟုတ်တဲ့အတွက် တရားမဝင်တဲ့ ရက်မှာ တရားမဝင်တဲ့ အဖွဲ့အစည်းက ကျင်းပမယ့်ပွဲမို့လို့ သူတို့ ခွင့်မပြုနိုင်ကြောင်း အသိပေးတာ” ဟု မဇ္စျိမကို ပြောသည်။

ဇွန်လ ၆ ရက်နေ့ကလည်း ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသားများအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ ထိုကဲ့သို့ပင် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ဖူးသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်းလှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည် အနေဖြင့် “ကျနော်တို့ကတော့ လုပ်ရမယ်လို့ ယူဆတဲ့၊ လုပ်သင့်တယ်လို့ ယူဆတဲ့ အရာတွေကို ဒီလိုဖိအားကြောင့် ဆက်မလုပ်ရဲစရာ မရှိပါဘူး။ ဆက်လုပ်မယ်။ အဆင်ပြေမယ့် နေရာ၊ အချိန်ရွှေးချယ် မယ်။ သေချာတာကတော့ ကျင်းပဖြစ်အောင် ကျင်းပမယ်” ဟု ကိုရဲရင့်ကျော် က ဆိုသည်။

“ပြောင်းလဲမှုတွေကို အထက်ကဘဲပြောနေပြီး အောက်ခြေမှာ ပြောင်းလဲမှု အားနည်းနေတာရယ်၊ အရင်အကျင့်တွေ၊ ထိန်းချုပ်မှုတွေ မပြောင်းလဲသေးဘဲနဲ့ ဆက်လက်ဆုပ်ကိုင်နေတာကိုက ပြောင်းလဲမှုက အားမရစရာပဲ။ ပွင့်လင်းမြင်သာ တဲ့ လမ်းကြောင်းကနေ လျှောက်ဖို့အတွက် အသိပေးတာ၊ ခွင့်တောင်းတာ တွေ လုပ်တယ်။ ကျနော်တို့က ပွင့်လင်း
အောင်လုပ်တယ်။ ဗကသ ကို တရားမဝင်ဘူးလို့ ဘယ်သူကမှ အဆုံးအဖြတ်ပေးလို့ မရဘူး။ ကျနော်တို့ဟာ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းတွေနဲ့ တိုက်ရိုက် မပါတ်သက်ဘူး။ ကျနော်တို့အနေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ မလိုသေးဘူးလို့ တုံ့ပြန်ခဲ့တယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

၁၉၆၂ ခုနှစ်က အာဏာပိုင်အစိုးရမှ ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ် တကသ အဆောက်အဦး
ပြန်လည် တည်ဆောက်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ၊ ၆၂ မျိုးဆက် ကျောင်းသားများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ စာရေးဆရာများက ဗကသနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။