မောင်တောတွင် လက်နက်လုယက်မှု ဖြစ်ပွါး

မောင်တောတွင် လက်နက်လုယက်မှု ဖြစ်ပွါး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် ဆူပူအကြမ်းဖက်မှုများကြောင့် အရေးပေါ်အခြေအနေနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ လုံခြံုရေးတာဝန်ထမ်းဆောင်နေသည့် လုံထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှမွတ်ဆလင် (၅)ဦးက ၀ိုင်းပြီး လက်နက်လုရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

Burmese-police

“မနေ့က ညနေ (၈)နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပစ်သံပြေးလွှားအော်ဟစ်သံတွေ ကြားလို့ စုံစမ်းကြည့်တော့ ကျွန်တော်တို့ ရပ်ကွက်အနီး တံတားမှာ လုံခြံုရေးချထားတဲ့ လုံထိန်းရဲတစ်ယောက်ဆီကနေ ကုလား (၅)ယောက်က ၀ိုင်းပြီးသေနတ်လုတာဖြစ်တယ်လို့ သိရပါတယ်″ ဟု မောင်တော မြို့သူကြီးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မွတ်ဆလင်ဘာသာဝင်များသည် လမ်းသွားလမ်းလာများကဲ့သို့ တံတားကိုဖြတ်ကျော်လာပြီး တံတားတွင် တစ်ယောက်တည်း ကင်းစောင့်နေသည့် လုံထိန်းရဲ အနီးသို့ အရောက်တွင် ရုတ်တရက် ၀ိုင်းအုံပြီး သေနတ်ကို လုကြခြင်းဖြစ်သည်ဟုဆိုသည်။ လုံထိန်း တပ်သားက ပြန်လည်ခုခံပြီး သေနတ်ပစ်ဖောက်လိုက်ရာ အဆိုပါ မွတ်ဆလင်များ ထွက်ပြေးသွားကြကြောင်းသိရှိရသည်။

ထိုအခင်းဖြစ်ပွါးမှုနှင့် ပတ်သတ်၍ မောင်တော ၄ မိုင် အခြေစိုက် လုံထိန်းရဲတပ်ရင်းအမှတ် (၂) ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ပုဂ္ဂိုလ်တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့တပ်ရင်းက တပ်သားပါ။ ၀ိုင်းတိုက်ခံလိုက်ရတာကြောင့် သူလဲ ဒဏ်ရာတွေ ရသွားပါတယ်။ ၅ ယောက်ထဲက ၄ ယောက်ကိုတော့ ကျွန်တော်တို့ ဖမ်းမိထားပါပြီ။ ကျန်တစ်ယောက်ကိုတော့ မမိသေးပါဘူး။ သူတို့ကို ဥပဒေကြောင်းအရ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်လက်မေးမြန်းရာ ယခုအချိန်တွင် လုံခြံုရေးကို အထူးသတိထား ဆောင်ရွက်နေရသည့်အတွက်ကြောင့် အသေးစိတ်ကို မပြောပြနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

မောင်တောတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် တခြားတိုင်းရင်းသားများကို ဆက်လက်တိုက်ခိုက်မည်ဟု ယခုလ (၂၅) ရက်တွင် စာကပ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

မောင်တောအနီးရှိ အောင်ဗလကျေးရွာကို မီးရှို့တိုက်ခိုက်ရန် ဓါတ်ဆီများ ၀ယ်ယူစုဆောင်းနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေခြင်းကြောင့် လုံခြံုရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာနှင့် မနီးမဝေးရှိ မွတ်ဆလင်ကျေးရွာတစ်ခုကို ယမန်နေ့ နေလည်ပိုင်းတွင် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရသည်။

မောင်တောမြို့နယ်တွင် ယခုလ ၈ ရက်နေ့က မွတ်ဆလင်ဘာသာဝင် အကြမ်းဖက်တိုက်ခိုက်သူများက မီးရှို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရခိုင်နှင့် တခြားလူမျိုးများ နေထိုင်နေသည့် ကျေးရွာ (၉) ရွာ မီးလောင်ကျွမ်းခဲ့ရပြီး၊ လူထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ မောင်တောမြို့နယ်တွင် အကြမ်းဖက်သူများ၏ သတ်ဖြတ်မှုကြောင့် လူ (၇) ဦးသေဆုံးခဲ့ရပြီး၊ (၅၀) ခန့် ဒဏ်ရာရှိခဲ့သည်။

မောင်တောမြို့ပေါ်ဒေသခံများ၏ အဆိုအရ ဘေးလွတ်ရာသို့ထွက်ပြေးလာကြသည့် ထောင်နှင့်ချီသော ဒုက္ခသည်များကို စာသင်ကျောင်းများတွင် စခန်းဖွင့် ခိုလှုံခွင့် ပေးထားဆဲဖြစ်သည်။ လက်ရှိအခြေအနေမှာ တည်ငြိမ်နေသော်လည်း နောက်ထပ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေခြင်းကြောင်း လုံခြံုရေးစိုးရိမ်နေရကြောင်း သိရှိရသည်။

Most read this week