မြန်မာအစိုးရတပ်၏ ပန်ဆိုင်း ထိုးစစ်တွင် ဒေခံများ ပစ်သတ်ခံရ

မြန်မာအစိုးရတပ်၏ ပန်ဆိုင်း ထိုးစစ်တွင် ဒေခံများ ပစ်သတ်ခံရ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား  နှစ်ဖက် စစ်တပ်နှင့်ပတ်သက်ပြီး အကြိမ်မနည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်သော်လည်း ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်တွင် အစိုးရတပ်ဖွဲ့များစစ်အင် အားဖြင့် ထိုးစစ်ဆင်လာသည် သာမက ရွာသားများကိုလည်း ပစ်သတ်ခဲ့သည်ဟု ဒေသခံများပြောသည်။

clashes-between-the

ပန်ဆိုင်းမြို့မှ မုန်းကိုးဘက်သို့ ခြေကျင်ဖြင့် ချီတက်လာသော အင်အား ၆၀ ခန့်ရှိ  မြန်မာအစိုးရ စစ်တပ်ဖွဲ့အား ၎င်းကားလမ်းပေါ်ရှိ ဖိုင်းကောင်းကျေးရွာအနီး ခကျန်ချောင်း (Hka Chyawng Hka)တွင်  ဇွန် ၂၆ ယမန်နေ့  ၉ နာရီတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)မှ ခြံုခိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြား တစ်နာရီကြာတိုက်ပွဲဖြစ် ပွားခဲ့ပြီး အစိုးရဘက်မှ ၂ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုသိို့တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရစစ်တပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ပြောင်းခင်းမှ တရုတ် အမျိုးသား ယန်ဆီရှန်းအား ၀င်ရောက်စစ်ဆေးပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုအပြင် ၄င်းပြောင်းခင်းနှင့် မလှမ်းမကမ်းရှိ လယ်ယာမှ မောင်ဒါရှီမာဆန် နှင့် ဒါရှီမာဂေါင် ညီအစ်ကိုအား လည်း သေနတ်ဖြင့်ပစ်ခတ်ရာ ညီဖြစ်သူ မာဆန်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ခြေတစ်ဖက် သေနတ် ထိမှန်ခြင်းကြောင့် ယခုချိန် တရုတ်ပြည် ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး အစ်ကိုဖြစ်သူ  ဒါရှီမာဆန်ကိုမူအစိုးရ တပ်ဖွဲ့တို့က KIA တပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်း ယာသဲရှိ ဆိုင်ကယ် ၃ စီးကို လည်း ယူသွားကြောင်း ဖိုင်းကောင် ဒေသခံတစ်ဦးပြောသည်။

 “ဒါရှီမာဆန်ကိုတော့ ဒီကလူကြီးတွေ KIA တပ်ဖွဲ့ဝင်မဟုတ်ဘူး။ ဒီရွာကအရပ်သားပဲဆိုပြီး ပြန်လွတ်ဖို့ သွားပြောတယ်လို့တော့ပြောတယ်။ ဒါပေမဲ့ အခုထိတော့ မလွတ်သေးဘူး” ဟု အထက်ပါဒေသခံကပြောသည်။

ဇွန် ၂၅ ရက်နေ့တွင်လည်း အစိုးရစစ်သားများသည် စစ်ကားမဟုတ်ပဲ အရပ်ကား ၈ စီးဖြင့် ပန်ဆိုင်းမှ မုန်ကိုးဘက်သို့ ဖြတ်သွားကြောင်းနှင့် ဇွန် ၂၆  ယမန်နေ့ည တွေလည်း အစိုးရစစ်ကား ၆ စီးဖြင့် တက်သွားသည်ဟု ပန်ဆိုင်း ဒေသခံတစ်ဦးကပြောသည်။

“မနေ့ညမိုးချုပ်ခါနီးမှာလည်း ၆ စီး တက်လာတယ်။ စစ်ကားတော့ မဟုတ်ဘူး  ကားတော့ဟုတ်တယ်။ ဒါပေမဲ့ ထော်လာဂျီလိိုမျိုးဟုတ်တယ်။” ဟု အထက်ပါဒေသခံကပြောသည်။

အစိုးရနှင့် KIO ကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသော်လည်း အစိုးရဘက်မှ ထိုသို့ထိုးစစ်ဆင်ပြု လုပ်နေ ခြင်းသည် နှစ်ဖက်တွေ့ဆုံမှုမှာ တပ်ဆုတ်တာတွေ အမှန်တကယ် အတည်ပြုလာမယ်ဆိုပါက ရှမ်းပြည်မြောက် ပိုင်းဘက်တွေ KIO အား နေရာ မယူခိုင်းချင်သော သဘောဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးကသုံး သပ်ပြောဆိုသည်။

“သူတို့(အစိုးရ)က ဒီရှမ်းပြည်ဘက်မှာ KIO တွေကို နေရာမယူခိုင်းချင်တဲ့ သဘောရှိတယ်။ အစပိုင်းတော့ ဒီမုန်ကိုးဘက်မှာ KIO တွေ တပ်တည်တာတွေ မရှိဘူးလေ။ ကွတ်ခိုင် လွယ်ကန် ဘက်မှာ ပဲအများပိုင်းရှိတယ်။ ဒါပေမဲ့ မနှစ်(၂၀၁၁) ဇွန်လပိုင်း စစ်စဖြစ်လာတဲ့အချိန်ကစပြီး ဒီမုန်ကိုးဘက်နဲ့ နေရာတိုင်းမှာ ရှိလာတော့ တစ်ကယ်လို့များ ဆွေးနွေးသွားပြီး  အတည်ပြုသွားတဲ့အခါမှာ ဘယ်သူမဆို ကိုယ်နေတဲ့နေရာတွေမှာ ပိုင်ဆိုင် သွားရင် သူတို့ကလည်း မဖြစ်ဘူးဆိုပြီး ဆွေးနွေးနေရင်လည်း ထိုးစစ်ဆင်တာတွေလုပ်နေတယ်လို့ထင်တယ်” ဟု အထက်ပါဒေသခံကသုံးသပ်ပြောဆိုသည်။

Most read this week