မူစယ်မြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်

မူစယ်မြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လွန်ခဲ့သည့် ၄ လခန့်ကတည်းက ပိတ်ထားသော တီဗွီဂိမ်းလောင်းကစား ၀ိုင်းများ ယခုရက်ပိုင်းအတွင်း အားလုံးနီးပါး ပြန်ဖွင့်နေပြီဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

online_casinos_rooms

မြို့ပေါ် လူစည်ကားရာနေရာများတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး  မူစယ်မြို့တွင်လောင်းကစားဝိုင်းကြီး ၈ ခုခန့် အပါအဝင် တီဗွီဂိမ်းရုံ ၂၀ ခန့်ရှိကြောင်း မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အရင်ပိတ်ထားတဲ့ တီဗွီဂိမ်းရုံတွေက တဖွဲဖွဲနဲ့ ဖွင့်လာတာ အခုဆိုအားလုံးပြန်ဖွင့်နေပြီ၊ အဓိက ကားဂိတ်လို နေရာမျိုးတွေ ပျံကျအလုပ်သမားတွေများတဲ့နေရာတွေမှာဖွင့်တယ်၊ ဆင်ဖြူဂိတ်နားမှာ လောင်းကစားဝိုင်းကြီး တစ်ခုအပါအဝင်ဆိုရင် ရ ခုလောက်ရှိတယ်၊ မန်ဝိန်းပေါက်နားက စွမ်စော်ရပ်ကွက်မှာလည်း ၁၀ ခု လောက်ရှိတယ်” ဟုဆိုသည်။

လွန်ခဲ့သည့် ၄ လခန့်က တီဗွီဂိမ်း လောင်းကစားဝိုင်းတစ်ခုအား ရဲများဝင်ရောက်ဖမ်းဆီး၍ ရုံပိုင်ရှင်အား ထောင် တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ထိုအချိန်မှစ၍ လောင်းကစားဝိုင်းများ အားလုံး ပိတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ကျောင်းသားတွေလည်း လွယ်အိတ်တစ်လုံးနဲ့ လောင်းကစားရုံထဲရောက်နေတယ်၊ မိဘတွေအတွက်တော့ စိုးရိမ်ရတယ်၊ ကားသမားတွေ အလုပ်သမားတွေကျတော့လည်း သူတို့ရတဲ့ငွေက ဒီထဲမှာပဲ ရောက်သွားတာပေါ့၊ အားလုံးအတွက် မကောင်းပါဘူး ” ဟု သူက ဆိုသည်။

အဆိုပါ လောင်းကစားဝိုင်းများ ဖွင့်လှစ်ရန်အတွက် ဒေသအာဏာပိုင်များထံ လစဉ်ကြေးငွေ ပေးဆောင်ရကာ အာဏာပိုင်များဘက်မှ အဆိုပါ ၀င်ငွေဖြင့် လိုအပ်သည့် နေရာများတွင် သုံးစွဲရကြောင်း သိရသည်။