၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော

၂ဝ၁၄ မတိုင်မီ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လုပ်မည်ဟု ဝန်ကြီးပြော
by -
မဇ္ဈိမ

အစိုးရမှ ‘ပင်လုံကဲ့သို့ ကျယ်ပြန့်သော ညီလာခံ’ ဟု ခေါ်ဆိုနေသည့် လွှတ်တော်ပြင်ပ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ တရပ်အား ၂ဝ၁၄ ခုနှစ် မတိုင်မီ ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က မဲဆောက်၌ ဒီမိုကရေစီ အင်အားစုများ၌ တွေ့ဆုံစဉ်ပြောကြားသွားသည်။

“၂ဝ၁၂ ဒီဇင်ဘာ မတိုင်မီ စနိုင်ဖို့ ကြိုးစားမယ် နောက်အကျဆုံး ၂ဝ၁၄ မှာ ဖြစ်ရမယ်လို့ ပြောသွားတယ်။ အဲဒီ အစည်းအဝေးမှာ ငြိမ်းချမ်းရေးအဆင့် ဒုတိယ အဆင့်မှာ မကြေလည်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးမယ်။ အစိုးရက ဆုံးဖြတ်ပေးလို့ ရတဲ့ဟာ တခါတည်း သဘောတူမယ်၊ အဆုံးအဖြတ် ပေးခွင့် မရှိတဲ့ဟာကို လွှတ်တော်ကို ဆက်လက် တင်ပြမယ်” ဟု မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် FDB မှ ဒေါက်တာ နိုင်အောင်က ပြောသည်။

ဇွန်လ ၂၆ ရက်နေ့က မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် FDB အပါအဝင် အခြား ဒီမိုကရေစီ အင်အားစုများနှင့် ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။

ယခု အစိုးရသည် ၂ဝ၁၅ ခုနှစ်၌ သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ ထိုမတိုင်ခင် လွှတ်တော်ပြင်ပ ဆွေးနွေးပွဲအား မဖြစ်မနေ လုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါ လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ NGO အဖွဲ့အစည်းများ၊ လူထု လူတန်းစား အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ကြဖွယ် ရှိသည်ဟု ဝန်ကြီးမှ ပြောကြားခဲ့သည်။

ပထမအဆင့်အဖြစ် အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေးကို ဦးစားပေး
ဆောင်ရွက်သွားမည်ဟု ဦးအောင်မင်းမှ ပြောသည်။ ပြီးမှသာလျှင် လွှတ်တော် ပြင်ပ ဆွေးနွေးပွဲအား ဆက်လက် အကောင်အထည် ဖော်သွားရန် ရှိသည်ဟု ဆိုပါသည်။

တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများကမူ အဆိုပါ လွှတ်တော်ပြင်ပ ဆွေးနွေးပွဲအား အစောဆုံး လုပ်စေလိုသည့် သဘောထား ရှိကြသည်။

သို့သော် စစ်မှန်သည့် အမျိုးသား ရင်ကြားစေ့ရေးအား အပီအပြင် ဖော်ဆောင် နိုင်ရန်အတွက် လုပ်ထုံး လုပ်နည်းများ ရှင်းလင်း တိကျရန် လိုသေးကြောင်း ဒေါက်တာနိုင်အောင် က ပြောသည်။

“အခု သူတို့ပြောတာက လွှတ်တော် ပြင်ပမှာ လုပ်မယ့် ဆွေးနွေးပွဲကြီးကို ပြောတာ။ ကျနော်တို့ ပြောချင်တာက Process (လုပ်ငန်းစဉ်)အရ ဘယ်လို လုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ဘက်က ရှင်းရှင်းလင်းလင်း ဖြေကြား သွားတာတော့ မရှိသေးပါဘူး။ နိုင်ငံရေး အနှစ်သာရအားဖြင့် အားလုံး ပူးပေါင်းပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ကိုပြန်လည် တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စမှာ အားလုံးက တန်းတူညီတူနဲ့ ပီပီပြင်ပြင် ပူးပေါင်း ပါဝင်တဲ့ အနှစ်သာရ ရှိရမယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ နိုင်ငံတော် တည်ဆောက်ရေးကို သွားလို့ရမယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော် လိုအပ်သည့် လုပ်ငန်းစဉ်များမှာ လုပ်နည်းလုပ်ဟန်သာ ဖြစ်၍ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိပြီးလျှင် အကောင်အထည် ဖော်နိုင်ဖွယ်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“အခုမှစပြီး ဘယ်လို ပူးပေါင်းဆောက်ရွက်မယ် ဆိုတဲ့အပေါ် အခြေခံအမြင်နဲ့ ယူဆချက် တွေကို ဆွေးနွေးကြတဲ့ အဆင့်ပဲ ရှိပါတယ်။ နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ချမှတ်ထားတဲ့ Building Process သုံးရပ်မှာ တယောက်နဲ့ တယောက် ယုံကြည်မှု တည်ဆောက်မှုက အင်မတန် မှလည်း အရေးကြီးပါတယ်။ ကျန်တဲ့ လုပ်ထုံး လုပ်နည်းတွေ က ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော်ကြရင် ဖြစ်လာနိုင်တဲ့ ကိစ္စတွေ။ ဒါပေမယ့် တဖက်နဲ့တဖက် ယုံကြည်မှု မရှိသေးဘဲနဲ့တော့ ဘယ်လိုမှ ညှိနှိုင်းနိုင်ကြမှာ မဟုတ်ပါဘူး။ ဒီယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ်တရပ်လို့ ကျနော် မြင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

လွှတ်တော်ပြင်ပ ဆွေးနွေးပွဲ မတိုင်မီ လုပ်ငန်းခွဲသဘော သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြို ဆွေးနွေးမှုများ ပြုလုပ် သွားရန် ရှိကြောင်း သိရသည်။ သို့သော် ထိုလုပ်ငန်းစဉ်များ ဖြစ်မြောက် လာရန်အတွက် အစိုးရ၌ ခက်ခဲမှု ရှိနိုင်သလို ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသားများ ဘက်၌လည်း အခက်အခဲ ရှိနိုင်ကြောင်း နှစ်ဖက် စလုံးမှ သုံးသပ် ထားသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ခုနှစ်ဦးပါ အဖွဲ့သည် ထိုင်းနိုင်ငံ လေးရက် ခရီးစဉ်အတွင်း ဒီမိုကရေစီ အင်အားစုများ၊ လူမှုရေး အဖွဲ့အစည်း၊ အမျိုးသမီး အဖွဲ့အစည်းများ စုစုပေါင်း ၁၈ ဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု အကျိုးဆောင် ဦးညိုအုန်းမြင့်က ဆိုပါသည်။ ကြာသပတေးနေ့ ညနေ၌ ဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။