KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ

KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မန့်ကျယ် - နမ့်မူး ကျေးရွာအုပ်စုအတွင်းရှိ နမ့်အွန် ရေပူ စမ်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း သိရသည်။

//abbsoluteright.blogspot.com)
အစိုးရတပ် ခလရ ၁၂၃ နှင့် KIA တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခလရ ၁၂၃ မှ တပ်သား ၅ ဦး ကျဆုံးကြောင်း စစ်ဘက်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရတပ်ဘက်က ခလရ ၁၂၃ ပေါ့ ၊ စစ်ကြောင်းထိုးလာတာ KIA ဘက်ကတော့ မိုင်းတွေခွဲပြီးတိုက်ခိုက် တာပေါ့ ၊ တိုက်ပွဲ ထဲမှာတော့ ခလရ ၁၂၃ က ၂ ယောက်သေသွားတယ် ၃ ယောက်ကတော့ ဒဏ်ရာရပြီး အခု ပန်ဆိုင်းဆေးရုံရောက်မှာသေသွားတယ် ” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း အဆိုပါ ကြူကုတ် - ပန်ဆိုင်းမြို့အနီး နမ့်မူးရွာ အစိုးရရဲကင်းစခန်းတစ်ခု အား KIA တပ်ဖွဲ့မှ ၀င်ရောက် စီးနင်းခဲ့ရာ နှစ်ဘက်တိုက်ခိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ယခုလ ၂၀ ရက်နေ့က နှစ်ဘက်အပစ်အခတ်ရပ်ဆဲရေး အတွက် KIO နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ လွယ်ဂျယ်မြို့အနီး တရုတ် - မြန်မာနယ်စပ်တစ်နေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ အပြီး နှစ်ဘက်တိုက်ပွဲ ခေတ္တငြိမ်သက်ခဲ့သော်လည်း ယခု ရက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာကြောင်း သိရသည်။