တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ ကချင် စစ်ပြေး ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ရေးသားထားသည့့် ‘ယူနန်ပြည်မှာ အထီးကျန်’ Isolated in Yunnan အမည်ရ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW မှ ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များကလပ်တွင် အင်္ဂါနေ့နံနက်က သတင်းစာရှင်းလင်းပွဲလုပ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စာမျက်နှာပေါင်း ၆၈ ပါ ထိုအစီရင်ခံစာကို ဒုက္ခသည်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၊ ရွာပုန်းရွာရှောင်များ အစရှိသည့် လူ ၁ဝဝ ကျော်နှင့် တွေ့ဆုံမေးမြန်းချက်များကို အခြေခံကာ ရေးသားထားသည်ဟု ဆိုသည်။
ကချင် စစ်ပြေးဒုက္ခသည် ရ,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်သည် စစ်ဘေးစစ်ဒဏ်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဘေးဒဏ်မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် တရုတ်ပြည်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ယူနန်ဒေသတွင် အခက်အခဲ အကြပ်အတည်းများစွာဖြင့် ကြံုတွေ့နေရကြောင်း HRW အာရှတိုက်ရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ Phill Robertson က ပြောသည်။
“ယူနန်မှာ ရှိနေတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေဟာ အခက်အခဲ မျိုးစုံနဲ့ အခုအချိန်မှာ ကြံုတွေ့နေရ ပါတယ်။ အဓိက ကတော့ နေရာထိုင်ခင်းနဲ့ အစားအသောက်ရယ်၊ ရေရယ်ပေါ့။ ပြီးတော့ ဆေးဝါး မလုံလောက်တာတွေပေါ့။ ဒါ့အပြင် အချို့ဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက တရုတ်ပြည်ထဲ ဝင်ခွင့်မပြုဘဲ စစ်မက်ဖြစ်ပွါးနေတဲ့ နေရာကို အတင်းအဓမ္မ ပြန်မောင်းထုတ်နေတာက ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။
၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်ကာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ အကြား ဖြစ်ပွါးခဲ့သော စစ်ပွဲများက လွန်ခဲ့သော ၁၇ နှစ်က ၎င်းတို့ ချုပ်ဆိုထားသည့် အပစ်အခတ် ရပ်စဲရေးကို နိဂုံးချုပ်စေခဲ့သည်။
တနှစ်ကျော် ကြာပြီဖြစ်သည့် စစ်ပွဲများကြောင့် ကချင်လူမျိုး ၁၇,ဝဝဝ ခန့်သည် ရွာပုန်းရွာရှောင်များ အဖြစ် စစ်ဘေးမှ လွတ်ရာသို့ တိမ်းရှောင်လျှက်ရှိကြသည်။ ၎င်းတို့သည် KIA ထိန်းချုပ်ရာနေရာများ၊ မြန်မာအစိုးရထိန်းချုပ်ရာ နေရာများနှင့် တရုတ်ပြည်တွင်းသို့ ဘေးကင်းရန် သွားရောက် နေထိုင်နေကြသည်။
တရုတ် ဗဟိုအစိုးရနှင့် ယူနန် အာဏာပိုင်တို့က ကချင်ဒုက္ခသည်များကို လက်ခံသည်ဟု ဆိုသော်လည်း HRW မှတ်တမ်များအရ အနည်းဆုံး ဒုက္ခသည်အချို့ကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခဲ့သည်ကို တွေ့ရှိရကြောင်း Phill Roberson က ဆက်ပြောသည်။
“ကျနော်တို့ရဲ့ မှတ်တမ်းတွေအရ အနည်းဆုံး ဒုက္ခသည် ၃ဝဝ လောက်ကို စစ်မက်ဖြစ်ပွါးနေတဲ့ နေရာကို အတင်းအဓမ္မ ပြန်ပို့ခဲ့တာကို တွေ့ရတယ်” ဟု ဆိုသည်။
အစီရင်ခံစာတွင် ယူနန်ရှိ အသက် ၂၅ နှစ်အရွယ် ကချင်ဒုက္ခသည်တဦး၏ ပြောဆိုချက်ကိုလည်း ယခုကဲ့သို့ တွေ့ရ သည်။
“အခု ဒီနေရာမှာ နေနေရတာကိုလည်း လုံခြံုလှတယ်လို့ ကျနော် မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်နေတဲ့ နေရာနဲ့ အရမ်းနီးတဲ့ နေရာမှာ နေရတယ်လေ။ စစ်ပွဲတွေက ဆက်ဖြစ်နေတော့ ကျနော်တို့ စိုးရိမ်ပါတယ်။ တကယ်လိုရ တရုတ်ပြည်က ကျနော်တို့ကို လက်မခံဘုးဆိုရင် ကျနော်တို့ ဘယ်ကိုသွားရမလဲ။ ဘယ်လို အသက်ရှင်ရတော့မလဲ” ဟု ပြောကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
အလားတူ အသက် ၅၁ နှစ်အရွယ်ရှိ ဒုက္ခသည် ကချင်အမျိုးသမီးကြီးတဦး၏ ပြောပြချက်ကိုလည်း “ဒီစစ်ပွဲကြီးက ဒီလိုသာ ဆက်ရှည်နေမယ်ဆိုရင် ကျမတို့အတွက် အခက်အခဲ အကြပ်အတည်းတွေ ဒုက္ခတွေ ပိုကြံုတွေ့ရကြပါမယ်။ ကိုယ့်ရွာကို ပစ်ပြီး ထွက်ပြေးလာရတော့ စားစရာ မရှိတော့ဘူး။ ဒီမှာ နေနေရတာကလည်း ဘာမှအဆင်မပြေပါဘူး” ဟု တွေ့ရသည်။
ထို့ပြင် ကချင်ပြည်နယ် အခြေအနေများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့် အင်တာဗျူးလုပ်ခဲ့သူ ကချင်လူမျိုး နှစ်ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။