မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ရွေးကောက် တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒရှင် အားလုံး၏ ဆန္ဒကို ကိုယ်စားမပြုဘဲ ဖြစ်နေ၍ လာမည့်ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့် ဒီမိုကရေစီမိတ်ဆွေပါတီများ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးဆောင်၍ တင်ပြခဲ့သည်။
လက်ရှိစနစ်တွင် မဲဆန္ဒနယ်တခုအတွင်း ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ပြိုင်ပါက မဲ တမဲ အသာဖြင့် အနိုင်ရသည့် စနစ် ဖြစ်ကာ မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ကိုယ်စားမပြုနိုင်၍ ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကို ပြောင်းလဲအသုံးပြုရန် ဆွေးနွေးခြင်း ဖြစ်သည်ဟု NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
“အခု စနစ်မှာတော့ ၅၁ ရာခိုင်နှုန်း ရတဲ့လူက နိုင်သွားပြီးတော့ ၄၉ ရာခိုင်နှုန်းအတွက် မဲက အလကား ဖြစ်သွားတယ်။ အဲဒါမျိုး မဖြစ်အောင် မျှတတဲ့ ကိုယ်စားပြုမှု ဖြစ်အောင်။ ပါတီစုံ ဒီမိုကရေစီစနစ် ဖေါ်ဆောင်နေတဲ့ ဒီခေတ်မှာ ပါတီစုံ စနစ်နဲ့ ကိုက်ညီတဲ့ စနစ်တခုကို အန်ကယ်တို့က ဒီနေ့ တင်သွင်းတာ” ဟု မဇ္ဈိမကို ပြောသည်။
‘အချိုးကျ ကိုယ်စားပြုစနစ်’ သည် ကိုယ်စားလှယ်လောင်း ၁ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲ ၁,ဝဝ ရရှိပါက ကိုယ်စားလှယ်လောင်း တဦးစီအတွက် ခွဲတမ်းမဲ ၁ဝ မဲစီ ရရှိမည် ဖြစ်သည်။ ပါတီတခုချင်း အလိုက် ရရှိသည့် စုစုပေါင်း ဆန္ဒမဲ ကို ခွဲတမ်းမဲဖြင့် စားကာ ရလဒ် ကိန်းပြည့်သည်ကနဦးကိုယ်စား လှယ်အဖြစ် သတ်မှတ်ရွေးချယ်သည်။
ဥပမာအားဖြင့် A ပါတီအတွက် ထောက်ခံမဲ ၃၈ မဲရရှိပါက ကနဦး သတ်မှတ် ကိုယ်စားလှယ် သုံးယောက်ရှိပြီး မဲကျန် ၈ မဲဖြစ်နေမည်။ B ပါတီအတွက် ထောက်ခံမဲ ၂၁ မဲရပါက ကနဦး သတ်မှတ်ကိုယ်စားလှယ် နှစ်ယောက်နှင့် မဲကျန်မှာ တမဲ ဖြစ်နေသည်။ C ပါတီအတွက် ထောက်ခံမဲ ၉ မဲရရှိသည် ဆိုပါက ခွဲတမ်းမဲ ၁ဝ ရရှိမည်ဖြစ်သော်လည်း ၁ဝ မဲ မပြည့်ခြင်းကြောင့် မဲကျန်အဖြစ် သတ်မှတ်သည်။
ထောက်ခံမဲအလိုက် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းများကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီး နောက် မဲကျန် အများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းကို ကိုယ်စားလှယ်ဦးရေ ၁ဝ ဦး ပြည့်သည်အထိ ရွေးချယ်သွားရန်ဖြစ်သည်။ ထိုစနစ်အရ အထက်ဥပမာတွင် C ပါတီသည် ထောက်ခံမဲ အနည်းဆုံး ဖြစ်သော်လည်း မဲကျန် ၉ မဲဖြင့် အများဆုံးဖြစ်နေခြင်းကြောင့် ထိုပါတီအတွက် အမတ် ၁ နေရာရရှိမည် ဖြစ်သည်။
“မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားပြုမှုကို ပါတီတိုင်းက ရနိုင်တယ်။ ပါတီငယ်လေးပဲဖြစ်ဖြစ် လွှတ်တော်ထဲကို ဝင်ခွင့်ရနိုင် တယ်။ ပါတီငယ်လေးမို့ တသီးပုဂ္ဂလမို့ ဥပမာ NLD တို့ ကြံ့ဖွံ့တို့ နိုင်တဲ့နေရာမှာလည်း ကျန်မနေတော့ဘူး။ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲကို ဝင်ဖို့ အခွင့်အရေး ရနိုင်တယ်” ဟုလည်း ဦးခင်မောင်ဆွေ က မဇ္ဈိမကိုပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေကလည်း ၁၉၉ဝ ရွေးကောက်ပွဲတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကျင့်သုံးရန် တင်ပြခဲ့သော်လည်း အကောင်အထည် မပေါ်ခဲ့၍ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ထပ်မံကြိုးပမ်းခြင်းကြောင်းဟု မဇ္ဈိမကို ပြောသည်။
“ကျနော်က အဲဒီတုန်းက ဒီစနစ်ကို တင်ပြခဲ့တယ်။ ဒီစနစ်ဟာ ပြည်သူအများစုရဲ့ဆန္ဒ ပါဝင်ပြီးတော့၊ ပြည်သူအများစုကို ကိုယ်စားပြုတဲ့အတွက် ဒါလေးလုပ်ရင် ကောင်းမယ်ဆိုပြီးတော့ ဆန္ဒပြုခဲ့ပါတယ်။ အဲဒီတုန်းကတော့ မဖြစ်ခဲ့ဘူး အခု အဲဒီရဲ့ အဆက်ပေါ့” ဟု ဦးသုဝေက ပြောသည်။
NDF မှ တင်ပြလာသည့် ထိုစနစ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ခေါင်းဆောင် ၁၄ ဦးတို့က ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ဇွန်လ ၂၈ ရက်နေ့တွင် သဘောထား ထုတ်ပြန်မည် ဖြစ်သည်။
NDF ၏ တင်ပြမှုကို ဒီမိုကရေစီမိတ်ဆွေပါတီများမှ ထောက်ခံပါက ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြတောင်းဆို သွားမည်ဟု ဆိုသည်။
ထိုစနစ်ကို ဥရောပနိုင်ငံတချို့တွင် ကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအတွက် လက်ခံ ကျင့်သုံးပါက မြန်မာ တနိုင်ငံလုံးရှိ မဲဆန္ဒနယ်မြေများကို ပြောင်းလဲသတ်မှတ်ရန် လိုမည်ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ပြင်ဆင်ရေးဆွဲရန် လိုအပ်မည် ဖြစ်သည်။