မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ပအခြေစိုက် အဖွဲ့တခု ဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင်များအား တဦးခြင်းစွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္စျိမကို ပြောသည်။
ဝန်ကြီး ဦးအောင်မင်းဘက်မှ DPNS နှင့် ဆွေးနွေးချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေး၍ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မိုးဇော် က ပြောသည်။
ယခု တွေ့ဆုံဆွေးနွေးမှုမှာ နွေးထွေးမှု ရှိပြီး ကျေနပ်အားရကြောင်းလည်း သူက ဆက်ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက် သံအမတ်တို့ အပါအဝင် ငါးဦးအဖွဲ့နှင့် DPNS မှ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးတိုးတိုးထွန်းနှင့် ဦးဇော်ဇော်ထွန်းတို့ လေးဦးပါအဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
DPNS ကို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ကျောင်းသားလူငယ်များနှင့် တည်ထောင်ဖွဲ့စည်းခဲ့ပြီး သံဃာ့သမဂ္ဂီ၊ NLD လူငယ်၊ ဗကသ စသည့် တက်ကြွသော အင်အားစုများနှင့် ရင်းနှီးစွာ လှုပ်ရှားခဲ့သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးခြင်း မရှိသည့် အပြင် DPNS ကို အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ကာ အဖွဲ့ဝင် တက်ကြွသူများကိုလည်း တရားခံပြေး အဖြစ် ကြေညာခဲ့သည်။ ထို့နောက် ပါတီ ဗဟိုကော်မတီတရပ်လုံး “တော်လှန်ရေးနယ်မြေ”သို့ ဆင်းလာခဲ့ကြသည်။
ဦးအောင်မင်းနှင့် လူ့ဘောင်သစ် ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ဖူးသည်။ လာမည့် ဇူလိုင်လတွင်လည်း ထပ်မံတွေ့ဆုံရန် ရှိသည်ဟု ဦးအောင်မိုးဇော်က ပြောသည်။
ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ပြည်ပအခြေစိုက် အဖွဲ့အစည်း ၁၄ ဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးပေးသူ ဦးညိုအုန်းမြင့် က ပြောသည်။
“တွေ့မှာက စုစုပေါင်း ၁၄ ဖွဲ့ စီစဉ်ထားပါတယ်။ အဓိကတော့ KNU နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မတိုင်ခင်မှာ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တဖွဲ့စီ၊ သတ်သတ်စီ တွေ့ဆုံမှာပါ” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
ဦးအောင်မင်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးဦးအောင်မင်းတို့ တွေ့ဆုံမည် ဖြစ်ပြီး ဒေါက်တာစင်တီယာမောင်၏ ဆေးခန်းသို့ သွားရောက် ကြည့်ရှုကြဦးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သားများအပေါ် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဒေါက်တာ စင်တီယာမောင်အား ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမှာစကားအား ဝန်ကြီး ဦးအောင်မင်း က ပြောကြားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြော သည်။
အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) FTUB၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများ အပါအဝင် ၁၄ ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။