ဘင်္ဂလာဒေချ့်သို့ နစက တပ်ဖွဲ့ တစ်ခု ကျူးကျော် ၀င်ရောက်သည်ဆိုသော သတင်းကြောင့် နယ်စပ်နေ လူထုများ ရုန်းရင်းဆန်ခတ်ဖြစ်သွား

ဘင်္ဂလာဒေချ့်သို့ နစက တပ်ဖွဲ့ တစ်ခု ကျူးကျော် ၀င်ရောက်သည်ဆိုသော သတင်းကြောင့် နယ်စပ်နေ လူထုများ ရုန်းရင်းဆန်ခတ်ဖြစ်သွား
by -
နိရဥ္စရာ

ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ဘင်ဒရိုဘင်ခရိုင် အတွင်းသို့ နစက တပ်ဖွဲ့ တစ်ဖွဲ့ ၀င်ရောက်လာသည်ဆိုသော သတင်းကြောင့် နယ်စပ်နေ ဘင်္ဂလာဒေချ့် ပြည်သူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်သွားခဲ့သည်ဟု The Cox’sbazar News တွင် ယနေ့ ဖေါ်ပြ ရေးသားသည်။

Border-Myanmar-Bangladeshတပ်ဖွဲ့ဝင် ၈ ဦးခန့်ပါ၀င်သော နစက တပ်ဖွဲ့ တစ်ဖွဲ့သည် ဇွန်လ ၂၁ ရက် ညအချိန် တွင် မြန်မာနိုင်ငံ မောင်တော နယ်စပ် အနီးမှ ဘင်္ဂလာဒေချ့် နိုင်ငံ ဘင်ဒရာဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ် အတွင်းသို့ ၀င်ရောက်လာခဲ့သည်ဟု သတင်းက ဆိုသည်။

” နယ်စပ်တွင် နေထိုင်သူ လူပေါင်း ၂၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြတာပါ။ ဒါကြောင့် ၀ရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်″ ဟု နယ်စပ် တာဝန်ရှိသူများက ပြောသည်။

မြန်မာ နစက တပ်ဖွဲ့သည်  နယ်ခြားမှတ်တိုင် အမှတ် (၅၀) နယ်စပ် စီရို မျဉ်းမှ ဖြတ်ကျော်ကာ ဘင်္ဂလာဒေချ့် နိုင်ငံထဲ ၀င်ရောက်ခဲ့သည်ဟု မျက်မြင်များက ပြောကြောင်း သတင်းက ဆိုသည်။

ဒေသခံများ၏ သတင်းပေးပို့ချက်အရ  နတ်ကျောက်ဆရီ အခြေစိုက် ဘင်္ဂလား နယ်ခြားစောင့်တပ် ဘီဂျီဘီ အမှတ် (၁၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် နစကများ ၀င်ရောက်လာသော နယ်စပ် မှတ်တိုင် အမှတ် (၅၀)သို့ ချက်ချင်း လိုက်ပါသွားပြီးနောက် နစက  တပ်ဖွဲ့သည် နယ်စပ် စီရိုမျဉ်းမှ ကိုက် ၁၅၀ အကွာ မြန်မာဘက်သို့ ဆုတ်ခွာသွားခဲ့သည်ဟု သတင်းက ဆက်လက် ဖေါ်ပြသည်။

မြန်မာ နစက တပ်ဖွဲ့ ၀င်များ မည်သည့် အတွက်ကြောင့် ဘင်္ဂလာဒေချ့်  နိုင်ငံအတွင်း ကျူးကျော် ၀င်ရောက်ခဲ့သည်ဆိုသော အကြောင်းအရင်းကိုမူ အဆိုပါ သတင်းတွင် တစ်စုံတစ်ရာ ရေးသားထားခြင်း မရှိပါ။

အိုး အိမ်များကို စွန့်လွတ်ကာ ထွက်ပြေးသွားသူ ဒေသခံများကို  ဘီဂျီဘီ တပ်ဖွဲ့များက နောက်ပိုင်းတွင် သွားရောက် စုရုံးကာ အိုးအိမ်များတွင် ပြန်လည် နေရာချထားပေးခဲ့ရသည်ဟု ဆိုသည်။

မြန်မာ နစက တပ်ဖွဲ့မှာ နှစ်နိုင်ငံအကြား မဝင်ရဟု သတ်မှတ်ထားသော စီရိုမျဉ်းအတွင်း ၀င်ရောက် လာခဲ့သည်မှာ မှန်သော်လည်း ဘင်္ဂလားဒေ့ချ် ပိုင်နက် အတွင်း ကျူးကျော် ၀င်ရောက်ခဲ့ခြင်း  မရှိဟု ဘီဂျီဘီ အမှတ်(၁၅) တပ်ရင်းမှူး ဗိုလ်မှူးကြီး မဟာဘူဘူ ရော်ဟာမောက် ကဒေသ အတွင်းက သတင်းထောက် များသို့ ပြောဆိုခဲ့ဟု သတင်းတွင် ဖေါ်ပြသည်။

ရခိုင်ပြည် အတွင်း ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မူ သတင်းများဖြစ်ပေါ် နေစဉ် ယခုအဖြစ်အပျက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

Most read this week