တရုတ်-မြန်မာနယ်စပ် နောင်တောင်းကချင်စစ်ပြေးဒုက္ခသည်စခန်းရှိ ကျောင်းသားများ စာသင်ရန်အခက်ခဲရှိ

တရုတ်-မြန်မာနယ်စပ် နောင်တောင်းကချင်စစ်ပြေးဒုက္ခသည်စခန်းရှိ ကျောင်းသားများ စာသင်ရန်အခက်ခဲရှိ
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် နောင်တောင်းစစ်ပြေးဒုက္ခသည် စခန်းရှိ ကျောင်းသူကျောင်းသားများအတွက် ကျောင်းအဆောက်အဦးနှင့် စာရေးကရိယာများ အခက်အခဲရှိ နေကြောင်း ဒုက္ခသည်ကူညီရေးအဖွဲ့ ကပြောသည်။

kachin_refuee_laying_yunna

နောင်တောင်းမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၆ ခုရှိပြီး ၎င်းစခန်း ၆ ခုမှ မူလတန်း ကျောင်းသူကျောင်းသား များ ၁၃၈၃ ဦးနှင့် အထက်တန်းကျောင်းသူကျောင်းသားများ ၅၀၈ ဦး ဒုက္ခသည်ကျောင်းသူကျောင်းသား စုစုပေါင်း ၁၈၉၁ ဦး ရှိသည်။

မူကြိုအရွယ်ကလေးများမှာ ၃၇၁ ယောက် ရှိပြီး ၄င်းကျောင်းသူကျောင်းသားများအတွက် ကျောင်းဆောင်နှင့် ကျောင်သုံးပစ္စည်းများလိုအပ်နေခြင်းဖြစ်ကြောင်း နောက်တောင်း ဒုက္ခသည်စခန်းများကို တာဝန်ယူ ကူညီကြည့်ရူပေးနေသော ဇင်လွမ်း (Zin Lum) စစ်ပြေး ဒုက္ခသည်ကူညီရေးကော်မတီဝင် ဆရာမ နန်ဘောက်ကပြောသည်။

၎င်းဒုက္ခသည် စခန်းများတွင် မူကြိုကျောင်းမှ လေးတန်းထိ ယာယီကျောင်းများဖွင့်လှစ်ထားပြီး စခန်းတစ်ခုတွင် ဆရာ/ဆရာမ ၄-၅ ယောက်ဖြင့်သင်ကြားပေးနေရာတွင် အဓိက စာရေးစားပွဲ၊ စာအုပ်၊ ခဲတံ၊ ဘောပင် စသည့် ကိရိယာများလည်း အခက်အခဲဖြစ်နေကြောင်း ဆရာမနန်ဘောက်ကဆက်ပြောသည်။

“လိုတာတွေ အများကြီးပဲ ပြောတောင် မပြောတတ်ဘူး။ စာအုပ်ခဲတံတွေ မလောက်ဘူး။ အခုလောလော ဆယ် လိုနေတာက ဖတ်စာအုပ်လေ ဖတ်စာအုပ်မရှိတော့ တခြားကျောင်းတွေမှာ အများကြီးသင်သွားလည်း ဒီမှာက တစ်ခုနှစ်ခုပဲကိုင်နေတော့ သင်ခန်းစာပြီးအောင်မသင်နိုင်ဘူးလေ” ဟု ကချင်သတင်းဌာနသို့ပြောသည်။

ဒုက္ခသည်မှ အထက်တန်းကျောင်းသူကျောင်းသားများသည် လနာ့ဇွပ်ဂျာ၊ မန်ဝင်း ၊နမ့်ခမ်း၊ ဗန်းမော် အစရှိသော ကျောင်းများသို့ သွားရောက်သင်ကြားရန်စီစဉ်ဆောင်ရွက်ပေးပြီး မူလတန်းကျောင်းသူကျောင်းသား များကိုမူ ဒုက္ခသည်စခန်းတွင် ယာယီစာသင်ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် နာကောင်ကောင့် ဒုက္ခသည်စခန်းတွင် ကူညီကြည့်ရူနေသော ဆရာတစ်ဦးကလည်း “ကျနော်တို့ဆီမှာက သန်ဘက်ခါ မှစသင်မှာ။ဒီမှာက စာသင်စားပွဲတွေ ထိုင်ခုံတွေကို တောထဲက သစ်ပင်တွေကို ထွင်းယူပြီး လုပ်ယူတယ်။  စာသင်ဖို့ကျောက်သင်ပုန်းပဲရှိတယ်” ဟုပြောသည်။

စာသင်ရန်အခက်ခဲဖြစ်နေသော ကျောင်းသားများသည် နောင်တောင်းဒုက္ခသည်စခန်း ၆ ခုဖြစ်သော ခဒေါင်းပါ(Hka Dawng Pa)၊ ငါးနောင်းပါ(Nga Nawng Pa)၊ ယန်လု(Yang Lu)၊ နာကောင်ကောင့်(Na Kawng Kawng)၊ လော့ဖိုင်(Law Hpai)၊ လုံကရောတ် (Lung Krawk) စသည့်ဒုက္ခသည်စခန်းများမှဖြစ်သည်။

နောင်တောင်းဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၉၈၂ စု၊ လူဦးရေပေါင်း  ၄၅၉၆ ဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် တရုတ်နိုင်ငံမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့များ၊ မြစ်ကြီးနားမှ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ အကူညီပေးနေသော်လည်း အကူအညီဆက်လက်လိုအပ်နေကြာင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများပြောသည်။

Most read this week