ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်ဟု ကယ်ဆယ် ဒုဝန်ကြီး ပြောကြား

ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်ဟု ကယ်ဆယ် ဒုဝန်ကြီး ပြောကြား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ၀န်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီးလုပ်မည် ဟု ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော် ခန်းမ
စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမတွင် ဇွန်လ ၁၉ ရက် နေ့လည် (၁) နာရီတွင် ပြုလုပ်သော မြို့တော် သန့်ရှင်းရေးနှင့် လှပရေး အစည်းအဝေး ပြုလုပ်စဉ် ထိုသို့ ဒုဝန်ကြီး ဘုန်းဆွေက ပြောကြားလိုက်ခြင်း  ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အပါအဝင် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ ရတပ ပါတီမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော််ကိုယ်စား လှယ် တစ်ဦးက ပြောသည်။

၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစားလုပ်ဆောင် ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

နောက်ပို်င်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း  ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ဒုဝန်ကြီး ဘုန်းဆွေ၏ ပြောစကားမှာ လူထုအတွင်း ကျယ်ပြန့်စွာ ရောက်ရှိသွားပြီး ယခု ရခိုင် ဆူပူအကြမ်းဖက်မူ အရေးအခင်းတွင် အစိုးရမှ ဒိုင်လူကြီးလုပ်မည်ဟု ပြောဆိုသဖြင့် အစိုး ရကိုယ်တိုင်က ဒိုင်လုပ်လို၍ ယခုအရေးအခင်းကို ဖန်တီးသလားဟု ဆိုကာ မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း  သိရသည်။

ယခုကဲ့သို့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်ပါလျှက် တာဝန်မဲ့ စကားပြောကြားသော ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဘုန်းဆွေကို အစိုးရမှ အနီကပ်ပြကာ  တာဝန်မှ ထုတ်ပယ်သင့်ကြောင်း လူအများက ပြောဆို ဝေဖန်လျှက် ရှိကြောင်း သတင်း ရရှိသည်။

Most read this week