တောင်ကုတ်တွင် လူပေါင်း ၄၀ ကျော် ခေါ်ယူ စစ်ဆေးခံရပြီ

တောင်ကုတ်တွင် လူပေါင်း ၄၀ ကျော် ခေါ်ယူ စစ်ဆေးခံရပြီ
by -
နိရဥ္စရာ

ဇွန်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော မူဆလင် ဘာသာဝင်  ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့တွင် လူပေါင်း ၄၀ ကျော်ကို သက်ဆိုင်ရာမှ ခေါ်ယူ စစ်ဆေး မေးမြန်း ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Taungup-gate

စစ်ဆေးမူအား စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) အမှတ် ၅ ဌာနချုပ်တွင် စစ်ဆေးခြင်း ဖြစ်သည်။

“ ဒီလ ၁၆ ရက်နေ့က ပထမဆုံး အနေနဲ့ ဦးကျောက်တောင်ရဲ့ လမ်းအထူးအဖွဲ့ (မောင်းတံ ဂိတ်အဖွဲ့) ကို ခေါ်ယူ စစ်ဆေးပါတယ်။ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ကို ခေါ်ယူ စစ်ဆေးပါတယ်။ အခင်းဖြစ်ပွားတဲ့ အနေအထားကို မေးတယ်။ ကျွန်တော်တို့ကလည်း တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေကို မှတ်မိသလောက်  ပြန်ပြောပြလိုက်ပါတယ် ” ဟု ခေါ်ယူ စစ်ဆေးခံရရာတွင် ပါ၀င်သူ တောင်ကုတ်မြို့ NLD အဖွဲ့ဝင် လူငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ခေါ်ယူ စစ်ဆေးရာတွင် ရိုက်နှက် ခြိမ်းခြောက်ခြင်းမျိုး မပြုလုပ်ဘဲ ပုံမှန်အတိုင်း မေးမြန်းခြင်း ဖြစ် သည်ဟု  သူက ပြောသည်။

“လူတွေကို ဟိုတုန်းကလို ရိုက်နှက် စစ်ဆေးတာတွေတော့ မပြုလုပ်ပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် က ရှိနေတော့ သူတို့ သိချင်တာတွေကို ချော့မော့ပြီး မေးတယ်။ ကျွန်တော်တို့ကလည်း ကိုယ်မြင်တွေ့တာ တွေကို အမှန်အတိုင်း ပြောလိုက်တယ်။ စစ်ဆေးခံရတဲ့ သူတွေအားလုံးကိုလည်း လေးလေးစားစား ပြောဆို ဆက်ဆံပါတယ်” ဟု ဆိုသည်။

ယခု အချိန်ထိ မေးမြန်း စစ်ဆေးခံရသူမှာ  လူပေါင်း ၄၀ ကျော် ရှိသွားပြီ ဖြစ်ပြီး တစ်ဦးချင်းစီ ထွက်ဆိုချက်များကို အသံဖိုင်၊ လက်ရေးစာများဖြင့် မှတ်တမ်းတင်ထားကြောင်း သိရသည်။

“ ခေါ်ယူ စစ်ဆေး မေးမြန်းတာလောက်ဘဲ လုပ်တာပါ။ သူတို့တော့ အကုန် လိုက်မှတ်တမ်းတင်ထားပါတယ်။ အခုလို စစ်ဆေးတာတွေ ရှိနေပေမယ့် ဖမ်းဆီးတာတော့ အခုအချိန်ထိ မရှိသေးပါဘူး။ နောက်တော့ မပြောနိုင်ပါ” ဟု သူက ပြောသည်။

ခေါ်ယူ စစ်ဆေး မေးမြန်းရာတွင် အခင်းဖြစ်ပွားနေချိန်တွင်  တောင်ကုတ်-သံတွဲ လမ်းခွဆုံရှိ လမ်းညွှန်ဆိုင်းဘုတ် ပေါ်မှ ဖုန်း၊ MP 4 များဖြင့် ဓာတ်ပုံရိုက်နေသူများနှင့် ရုပ်ချင်း  ဆင်သူများကို ရဲတပ်ဖွဲ့မှ လိုက်လံ စုံစမ်းပြီး  ခေါ်ယူကာ စုံစမ်းစစ်ဆေးရေး အဖွဲ့သို့ ပေးပို့ခဲ့မူများလည်း ရှိနေကြောင်း အဆိုပါ ဖြစ်စဉ်ကို လေ့လာသူ တောင်ကုတ် ဒေသခံ တစ်ဦးက ပြောသည်။

တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် အမှုအခင်းနှင့် ပတ်သက်ပြီး အမြန်ဆုံး ဖေါ်ထုတ်နိုင်ရန် အတွက် ပြည်ထဲ ရေး ၀န်ကြီးဌာန  ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အပါအဝင် အဖွဲ့ဝင် ၁၆ ဦးပါ၀င်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့သည် စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို  ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ နိုင်ငံတော်သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည် ဖြစ်ကြောင်း သိရသည်။

Most read this week