သျှမ်းပြည်တပ်မတော်နှစ်ခုလုံး နှင့် အစိုးရတပ်အကြားတိုက်ပွားများဆက်ဖြစ်နေ

သျှမ်းပြည်တပ်မတော်နှစ်ခုလုံး နှင့် အစိုးရတပ်အကြားတိုက်ပွားများဆက်ဖြစ်နေ
by -
သျှမ်းသံတော်ဆင့်

SSPP ၊ RCSS သျှမ်းပြည်တပ်မတော် တို့ နှင့် မြန်မာအစိုးရတပ်အကြား ယခုတပတ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြောင်း၊ ယနေ့နေ့ခင်းပိုင်းအထိလည်း တိုက်ပွဲများဖြစ်နေသေးကြောင်း ကြားသိရပါသည်။

မြန်မာအစိုးရစစ်သားများ

“၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတော့ မနေ့နဲ့ တနေ့က အစိုးရတပ် ခလရ ၁၄၉ ၊ ၁၅၀ တပ်ရင်းတွေ အင်အား ထပ်ဖြည့် တယ်။ အခု ကျနော်တို့ ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် တောင်ဟျိုးအုပ်စုထဲမှာဘဲ တပ်ရင်း ၄ ရင်းရှိတယ်။ ဒီမနက် ၅ နာရီကနေ နေ့လည်ခင်းအထိ တိုက်ပွဲတွေ ဖြစ်နေ တုန်း” - ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။

ဂျွန် ၂၀ ရက် ၂၀၁၂ နံနက် ၀၅ : ၀၀ နာရီမှစ၍ အစိုးရတပ် ခမရ ၅၁၆၊ ၅၁၇၊ ခလရ ၁၄၉၊ ၁၅၀ ပူးပေါင်း အင် အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၊ မိုင်းရှူးမြို့နယ် မိုင်းအောတ်ကျေးရွာအုပ်စု မြောက်ဘက် ဝမ့်ဟွေ့လောတ်၌တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲမှ မြန်မာ စစ်တပ်၏ လက်နက်ကြီးကျည် ဝမ့်ခိုယောင်း ရွာအရှေ့ဘက်သို့ ကျရာ ဒေသခံရွာသူ ပါပွိ (အသက် ၄၅ နှစ်) ဒဏ်ရာရ သွားကြောင်း  SSPP ၏ စစ်မျက်နှာမှ အရာရှိတဦးကလည်း အတည်ပြုပြောပါသည်။

ထို့ အတူ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA နှင့် ဂျွန် ၁၉ ရက် ယမန်နေ့ က မိုင်းကိုင်မြို့နယ်အတွင်းတစ်ကြိမ်၊ ဂျွန် ၁၇ ရက်နေ့က သီပေါမြို့နယ်အတွင်း တစ်ကြိမ်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သေးသည်ဟု ဆိုပါသည်။

RCSS တပ်သားများ
“ ၁၇ ရက်နေ့က နောင်ချိုအခြေစိုက်ခလရ ၁၁၅ အင်အား ၄၀ ခန့်က ဝမ့်ဇင်းကျေးရွာအုပ်စု အုလုရွာနား မှာရှိတဲ့ ကျနော်တို့တပ်စခန်းကို တမင်သက်သက်လာတိုက်တာ၊ ကျနော်တို့ဘက် အသေအပျောက်တော့မရှိ ဘူး၊ အစိုးရတပ် ဘက်ကတော့မသိဘူး၊ ၁၉ ရက်နေ့ မနေ့တုန်းကတော့ ရင်ဆိုင်တိုက်ပွဲ၊ ကျနော်တို့လူ က ၅-၆ ယောက်ဘဲ၊ အစိုးရတပ် ကတော့ တုံလောဝ်ဘက်ကတပ်။ အဲဒီမှာလဲ တိုက်ပွဲတခါဖြစ်ခဲ့ရတယ်” - ဟု သျှမ်းတပ် အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က - ယနေ့တိုက်ပွဲ ထိခိုက်သေကျေ စာရင်းမရ သေးသော်လည်း သျှမ်းပြည်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ပြောပြချက်အရာ အစိုးရ တပ် ၅ ယောက် သေကြောင်း၊ သျှမ်းပြည်တပ်မတော်ရရှိသည့်သတင်းအရ အစိုးရဘက် ၁ သေ ၅ ယောက် ဒဏ်ရာရရှိကြောင်း၊ ယခုဖြစ် ပွါးခဲ့သော တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ပန်ဖ က စိတ်မကောင်းကြောင်း၊ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အစိုးရအပေါ် သာမူတည် ကြောင်း၊ အစိုးရဘက် တပ်မဆုတ်ဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေက ဦးသိန်းဇော်ဖိတ်ကြား ထားသည့် ဂျွန် ၂၀ မှ ၃၀ ရက်နေ့ အတွင်းတွေ့ဆုံဖို့ လျာထားချက်လည်း ရက်ထပ်ရွှေ့ပြောင်းနိုင်ကြောင်း - ပြောပါသည်။

အပစ်ရပ်မှု သဘောတူပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့် ၂၂ ကြိမ်၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း နှင့် အကြိမ် ၂၀ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်ဘက် စတင်ခြင်းတာဖြစ်သည်ဟု သျှမ်းတပ် နှစ်ဖွဲ့လုံးက ပြောဆိုပါသည်။

Most read this week