ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ် ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန်မှာကြား လိုက်သည်။
အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြုပြင်ပြောင်း လဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။
“ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင် သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့ လမ်းမပေါ် ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်” ဟု သမ္မတ က ထည့်သွင်းပြောကြားသွားသည်။
မေလအတွင်းမှာပင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဇွန်လအတွင်း လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုခြင်း၊ ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမားများက တပိုင်တနိုင် ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးတို့အတွက် ဆန္ဒပြခြင်းများ ရှိခဲ့သည်။
“ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့ အခါ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြံုမှု ထိခိုက်တဲ့ ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲ သွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုး တက်အောင် ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင် အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ထည့်သွင်းပြောသွားသည်။
ထို့အပြင် မေလအတွင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေးဆန္ဒထုတ်ဖေါ်ခဲ့မှု များကိုလည်း သမ္မတက ရည်ညွှန်းပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စီမံဆောင်ရွက်ရန်လည်း လမ်းညွှန်သွားသည်။
“လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြ သခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ် များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်” ဟုလည်း ပြောသွားသည်။
သမ္မတ၏ မိန့်ခွန်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ အထိ ငါးနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တနှစ်ပျမ်းမျှ ရ.၇% တိုးတက်ရန် ရည်မှန်း လုပ်ဆောင်နေသည်ဟုလည်း ပြောသွားခဲ့သည်။
စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ အထက်မှအောက်သို့ စေခိုင်း လုပ်ကိုင်စေခြင်း မဟုတ်ဘဲအောက်ခြေမှ အထက်သို့ တင်ပြ လုပ်ဆောင်သွားရန်လည်း သမ္မတက လမ်းညွှန်သွားခဲ့သည်။
“ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသွားခဲ့သည်။