ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း (အသက် ရ၁ နှစ်) ကွယ်လွန်သွားခြင်းမှာ မြန်မာ့သတင်းစာ လောကနှင့် တိုင်းပြည်အတွက် ဟာကွက်တခု ဖြစ်သွားကြောင်း ‘လူထု’တိုက်မှ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)က ပြောဆိုလိုက်သည်။
“ရှင်နည်းရာ အဂ္ဂလူထွက်တယ် ဆိုတဲ့ ဗမာစကားပုံ ရှိတယ်။ ရှင်နည်းတုန်း ရှင်အဂ္ဂလေး လူထွက်သွား သလိုပါပဲ။ ဂျာနယ်လစ်ဆိုလို့ ပြေးရေကြည့်စမ်း၊ သိပ်မရှိဘူး။ ဗမာပြည်မှာ စံမီ ပေမီ၊ ကိုက်မီ ဂျာနယ်လစ်က တော်တော်ရှားနေ တယ်။ သူ ဆုံးသွားတဲ့အတွက် အတော် နှမျောစရာကောင်းပါလား။ သူတယောက် ဟာသွားရင် သိပ်သိတာတယ်” ဟု ဆိုသည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင် အထူးကုဆေးရုံ SSC တွင် တနင်္ဂနွေနေ့ ညပိုင်းက အဆုတ် ရောဂါဖြင့်ကွယ် လွန်သွားသည့် လူထုစိန်ဝင်းမှာ ကြည်ညိုထိုက်သော စာရေးဆရာ တဦးလည်း ဖြစ်ပြီး သူကဲ့သို့ ရဲရင့်သည့် သတင်းစာ ဆရာကြီးကို အစားထိုး မရနိုင်သဖြင့် ယူကျံုးမရဖြစ်ရသည်ဟု ကဗျာဆရာကြီး ဦးကိုလေး က ပြောသည်။
“လူဆိုတာ ကိုယ့်မှာမရှိတဲ့ အရည်အချင်း သူရှိရင် အလွန်ကြည်ညိုတာကွ။ ငါတို့မှာ မရှိတဲ့ အရည်အချင်း သူ့မှာ ရှိတယ်။ ဒါ လူ့စိတ်ဓါတ်ပဲ။ သူ့မှာ အားမာန်တွေ၊ အသိပညာတွေ၊ အများကြီးရှိတာ။ တို့ထက် နည်းနည်းငယ်ပါတယ်။ ဒါပေမယ့် တို့ လေးစားတယ်။ နှမျောလည်း နှမျောတယ်။ သူ့ကို ကြည့်ပြီးကိုယ့် ကိုယ်ကို အားမရဘူး။ တကယ် အလုပ်လုပ်တဲ့ လူပဲ။ သူလုပ်တာတွေကို မြင်ပြီး သူ့ကိုကြည်ညိုနေ တာပဲ” ဟု မဇ္စျိမကို ပြောသည်။
ဦးစိန်ဝင်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ကျန်းမာရေးချို့ယွင်းမှုကြောင့် အောက်ဆီဂျင်ပိုက် အမြဲတပ်ဆင်ထား ရကာ ဂျာနယ် မဂ္ဂဇင်းများတွင် စာများ ရေးသားနေရာမှ ဧပြီလဆန်းပိုင်းမှစတင်၍ ကျန်းမာရေး ပိုမိုဆိုးရွားလာသဖြင့် စာ မရေးသားနိုင်တော့ကြောင်း မိသားစုဝင် တဦးက ပြောသည်။
လူထုစိန်ဝင်းသည် ကျောင်းသားဘဝ ကတည်းက စာနယ်ဇင်းမှာ အထူး စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ အကျဉ်းထောင်မှ လွှတ်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ပတ်သက်၍ အစိုးရကို ရဲရဲဝ့ံဝံ့ ဝေဖန် ထောက်ပြ ရေးသားသူ ဖြစ်သလို၊ စာနယ်ဇင်းနှင့် ပတ်သက်၍ အသိပညာပေးစာများ ရေးသားခဲ့သူ ဖြစ်သည်။
သူသည် သတင်းသမားကောင်း ပီသသူဖြစ်ပြီး ခေတ်အဆက်ဆက် အုပ်စိုးသူများကို ဝေဖန်ထောက်ပြခဲ့ သည်။
“သူက ဒီလိုလုပ်ရင် မကောင်းဘူးလားဆိုတဲ့ အကြံကောင်း ပေကောင်း ပေးနိုင်တဲ့လူကွ။ ဆိုလိုတာက သူနဲ့ မတူလို့ ဝေဖန်တာ မဟုတ်ဘူး။ ဒီဟာလေးကိစ္စများ လွဲနေမလားဆိုတဲ့ သတိပေးတဲ့အခါ အဲဒီဟာမျိုးကျတော့ သူမှ တတ်တာ။ ရဲရင့်တယ်ကွာ။ အဲဒီလူ ဆုံးတော့ ယူကျုးံမရ ဖြစ်တာပေါ့။ သူက အတ္တမပါတဲ့ အလုပ်တွေ လုပ်နေတာ။ သူ့အတွက် မဟုတ်ဘဲ အများအတွက် လုပ်နေတဲ့၊ လူထဲမှာ အဲဒီလူက ခပ်ရှားရှားပဲ” ဟု ဦးကိုလေး က ဆက်ပြော သည်။
မြန်မာနိုင်ငံတွင် စာရေးဆရာကောင်း နည်းပါးပြီး လမ်းပြပေးမည့် သတင်းစာဆရာကြီး တဦးဆုံးရှုံးသွား သည့်အတွက် စာနယ်ဇင်းလောကတွင် အားနည်းသွားကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ MJA မှ အထွေထွေ အတွင်းရေးမှူး ဦးကိုကို(စက်မှု)က ပြောသည်။
“အထူး ဝမ်းနည်းကြေကွဲပါတယ်။ တခေတ်တခါမှာ ပေါ်ထွန်းလာတဲ့ သတင်းစာဆရာ ဆိုတာ အရေအတွက် နည်းနည်းလေးပဲ ရှိပါတယ်။ ဒီနည်းနည်းလေးရှိတဲ့ သတင်းစာဆရာကြီး ဆုံးရှုံးတယ်ဆိုတာ အစားထိုးလို့ မရတဲ့ ကိစ္စပါ။ လက်ရှိ လမ်းပြပေးမယ့် ဆရာတွေမှာ အားနည်းသွားတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
လူထုစိန်ဝင်းမှာ ကလောင်ခွဲ ၁၅ ခုဖြင့် အကြောင်းရာမျိုးစုံ စာရေးသားခဲ့ပြီး ‘ဝင်းဇော်’ ဆိုသည့်ကလောင် အမည်ဖြင့် ရေးသားခဲ့သည့် ‘အလံမလှဲစတမ်း’ ဆိုသည့် စာအုပ်အား ယခုထိ အမှတ်တရ ရှိနေဆဲဖြစ်ကြောင်း စာရေးဆရာမ နုနုရည်(အင်းဝ) က ပြောသည်။
“အမှတ်တရ ရှိတာက ဝင်းဇော်ဆိုတဲ့ နာမည်နဲ့ စာတွေ ရူးသွပ်ပြီး ဖတ်နေတဲ့အချိန်ပေါ့။ ကျမ ၁ဝ တန်း ကျောင်းသူဘဝမှာ အလံမလှဲစတမ်းဆိုတဲ့ စာအုပ်ကလေး။ အဲဒီ စာအုပ် ဖတ်တဲ့အချိန် အဲဒီထဲက ချောအိမန်းဆိုတဲ ့မိန်းကလေးကို သိပ်စွဲ လန်းခဲ့ဖူးတယ်။ အဲဒီစာအုပ်က အမှတ်တရပဲ” ဟု သူက မဇ္စျိမကို ပြောသည်။
အထူးသဖြင့် မြန်မာပြည် စစ်အာဏာရှင်အကြောင်းကို ရှင်းပြ နားလည်စေခဲ့သည့် ဆရာ့ကျေးဇူးများ ရှိသဖြင့် လူထုစိန်ဝင်း ဆုံးရှုံးခဲ့သည့်အတွက် တိုင်းပြည်အတွက် ဆုံးရှုံးမှုကြီး တခုဖြစ်သည်ဟု ဆရာမ က ဆက်ပြောသည်။
“ဆရာ့လို သတင်းစာဆရာ ပီသတဲ့ သတင်းစာဆရာမျိုး ကျမတို့ တိုင်းပြည်မှာ များများမရှိပါဘူး။ ဆရာ့လို စာဖတ် ပရိသတ်အပေါ်၊ အထူးသဖြင့် လူငယ်စာဖတ်ပရိသတ်အပေါ်၊ တိုင်းပြည်အပေါ် စေတနာထားပြီး သတ္တိရှိရှိ ရေးနိုင်တဲ့၊ ရေးရဲတဲ့ စာရေးဆရာမျိုးက များများမရှိပါဘူး။ ကျမ အပါအဝင် လူငယ် စာဖတ်သူများ အပေါ်မှာ အထူးဖြင့် ကျမတို့ တိုင်းပြည့်အတွင်း ကြီးမားတဲ့ ဆုံးရုံးမှုကြီးတခုပါ” ဟု ပြောသည်။
ရဲဘော်ဖိုးသံချောင်း ရေးသားသည့် “ကျောင်းသား-ထောင်-တော်လှန်ရေးသမား” ဆိုသည့် စာအုပ် ဖတ်ရခြင်းဖြင့် ဆရာကြီး လူထုစိန်ဝင်း၏ ကိုကိုးကျွန်းအကျဉ်းထောင်၌ တွေ့ရသည့် ရုပ်ပုံလွာများကို ဒေါ်နုနုရည် လေးစားဂုဏ်ယူခဲ့ရ သည်ဟု ဆိုသည်။
၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့ပြီးနောက် ကျောင်းသားများ၊ စာရေးဆရာများ၊ သတင်းစာ ဆရာများ၊ နိုင်ငံရေးသမားများအပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့ကြသူများကို စစ်အစိုးရက ဖမ်းဆီးကာ နာမည်ကျော် ကိုကိုးကျွန်း အကျဉ်းစခန်းသို့ ရာနှင့်ချီ၍ ပို့ဆောင်ခဲ့ရာတွင် လူထုဦးစိန်ဝင်း လည်း တယောက်အပါအဝင်ဖြစ်ခဲ့သည်။ ကျွန်းပေါ်တွင် ကျန်းမာရေး အခြေအနေ ဆိုးရွားလာ၍ အင်းစိန်ထောင်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရပြီး ၁၉၇၂ ခုနှစ်တွင်မှအင်းစိန် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
နောက်တကြိမ် အင်းစိန်ထောင်တွင် လေးနှစ် ထပ်မံအကျဉ်းချခံရပြန်ရာ ခန္ဓာကိုယ် ယာဘက်တခြမ်း လေဖြတ်ပြီး ၁၉၈ဝ ခုနှစ်တွင် လွတ်မြောက်လာခဲ့ရသည်။ ထို့ကြောင့် ဘယ်လက်ဖြင့် စာရေးကျင့်ကာ လူထုစိန်ဝင်း ကလောင် အမည်ဖြင့် စာပေနှင့် စာနယ်ဇင်း အကြောင်း အရာများ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ဆိုင်ရာများနှင့် နိုင်ငံတကာရေးရာ ဆောင်းပါးများ ရေးသားခဲ့သည်။
ဆရာကြီး၏ စျာပနအခမ်းအနားကို အင်္ဂါနေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုဿာန်သို့ ပို့ဆောင် သဂြိုလ်မည် ဖြစ်ပြီး သမီး မချောအိဝင်းနှင့် မြေးတဦးတို့ ကျန်ရစ်သည်။