မြစ်ကြီးနား-တနိုင်းလမ်း ခေတ္တပိတ်ထား

မြစ်ကြီးနား-တနိုင်းလမ်း ခေတ္တပိတ်ထား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ တနိုင်းမြို့နယ်သို့သွားသည့် ကားလမ်းမကြီး ယမန်နေ့ ဇွန်လ (၁၇)ရက်နေ့မှ ခေတ္တ ပိတ်ထားသဖြင့် ခရီးသွားပြည်သူများ အခက်အခဲ ကြံုတွေ့နေရသည်။

myitkyina-danai-route
နမ္မတီးကျေးရွာ မရန်ကထောင် (Maran Kahtawng) ရပ်ကွက်တွင် အစိုးရမှ တရားဝင် ခရီးသွားလာခွင့်အား ပိတ်ထားခြင်းဖြစ်သည်။

မြစ်ကြီးနား - တနိုင်း (လီဒူလမ်းမ)၊ မြစ်ကြီးနား - ဖားကန့်၊ မြစ်ကြီးနား - မိုးကောင်းမြို့ သို့ သွားသည့် ကားလမ်းများမှာ မကြာခဏ ခေတ္တ ပိတ်ပင်မှုများကြောင့် ခရီးသွားသူများ ခရီးကြန့်ကြာစေသည်။

“ကားလမ်းပိတ်တော့ အစိုးရဝန်ထမ်းတွေက ရုံးဖွင့်ရက်မှာ မသွားနိုင်တော့ဘူးလေ။ ဘယ်လောက်အရေး ကြီးကြီး သွားခွင့်မရှိဘူးတဲ့။ ကျွန်တော်လည်း တနိုင်းသွားမလို့ ကားလမ်းပိတ်တော့ စောင့်နေရတယ်” ဟု တနိုင်းသို့ သွားမည့် ခရီးသည် တစ်ဦးက ပြောသည်။

ကားလမ်းမ မကြာခဏ ပိတ်ပင်ရခြင်းသည် မြန်မာအစိုးရတပ်သားများ ထိုးတက်လာခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ခုလည်း စစ်သား ရ၀၀ကျော် တနိုင်းကနေ ၈မိုင်လမ်းကို တက်သွားပြီ။ နောက်ထပ် စစ်သား ၅၀၀လောက် ချီတက်အုံးမယ်လို့ ကြားတယ်” ဟု ကားမိုင်း ဒေသခံတစ်ဦးက ဆိုသည်။

တနိုင်းမြို့တွင် အခြေစိုက်သော မြန်မာအစိုးရတပ် ခလရ (၈၆)၊ ခလရ (၂၃၈)၊ ခမရ (၃၁၈) နှင့်အမြှောက် တပ်ရင်းများရှိပြီး ၄င်းတို့သည် နေ့စဉ် မြို့ပြင်ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မူ၊ မိုင်းထောင်ခြင်း၊ သေနတ်ဖောက်သံများနှင့် ညမထွက်ရ အမိန့်များကြောင့် ဒေသခံများ မိမိလယ်၊ ယာများကို စွန့်၍ ရွာထဲတွင်သာ စိုးရိမ်ကြောက်လန့်စွာနေကြသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရစစ်တပ်များ ဆက်လက်တင်းမာဆဲတွင် အစိုးရစစ်တပ်အင် အားများလည်း ကချင်ပြည်နယ်သို့ တိုးချဲ့နေဆဲဖြစ်ပြီး စစ်ပွဲများလည်း အဆက်မပြတ်ဖြစ်ပွားနေသည်။

ယခုကဲ့သို့ ဟူးကောင်းဒေသ တနိုင်းမြို့တွင်း၏ Martial Law အမိန့်ကြောင့် ဒေသခံ ပြည်သူများ၏ခရီးသွား လာမူနှင့် စားဝတ်နေရေး အခက်အခဲကြံုတွေ့နိုင်ဖွယ်ရှိကြောင်း ဂျိန်ဖော့ကဆာ ဘလောဒ့် (Jinghpaw Kasa blog) မှ သတင်းပေးပို့ လာပါတယ်။

တစ်ဖက်တွင်မူ ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ ဦးအောင်မင်းတို့ ဇွန်လ (၂၀) ရက်နေ့ မိုင်ဂျာယာန်မြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် အလွတ် သဘောတွေ့ဆုံမည်ဟုသိရသည်။

Most read this week