တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်းမူ မြန်မာဘက်က အကြောင်း မပြန်

တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်းမူ မြန်မာဘက်က အကြောင်း မပြန်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ လက်ရှိ ဖြစ်ပေါ်နေသော ရခိုင်အရေးကြောင့် နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲ ပြုလုပ်ရန် ကမ်းလှမ်းမူကို မြန်မာဘက်ကမှ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း  မရှိကြောင်း BGB အကြီးအကဲက ပြောသည်။

BGB-member

“ကျွန်တော်တို့ ဒီလ ၁၃ ရက်နေ့က မြန်မာ နစကတပ်ဖွဲ့ကို တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲ လုပ်ဖို့ အကြောင်းကြားစာ ပို့ပါတယ်။ ဒီနေ့ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး” ဟု တက်ကနက်မြို့ အခြေစိုက် BGB အကြီးအကဲ အမှတ် ၄၂ တပ်ရင်းမှူး Lt Col Zahid Hossain ကပြောသည်။

သို့သော်လည်း အဆိုပါ အစည်းအဝေးမှာ နှစ်နိုင်ငံအတွက် အရေးပေါ် လိုအပ်နေသဖြင့် များမကြာမီ အကြောင်းပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံမှ ဒုက္ခသည်များသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူမူများကြောင့် ဘင်္ဂလာဒေချ့်သို့ ဇွန်လ ၁၁ ရက်နေ့က စပြီး ၀င်ရောက်လာခဲ့သည်ဟု သူက ပြောသည်။

သို့သော်လည်း ဘင်္ဂလာဒေချ့်ဘက်က လက်မခံဘဲ ပြန်လွှတ်သဖြင့် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က စပြီး ၀င်ရောက်လာသူ  မရှိတော့ကြောင်း အမှတ် ၄၂ တပ်ရင်းမှူးက ဆိုသည်။

၀င်ရောက်လာသူ အရေအတွက်မှာ စုစုပေါင်း  (၅၀၀) ခန့်ရှိပြီး သူတို့အတွက် အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါးများပေးအပ်ကာ မြန်မာဘက်သို့ ပြန်စေလွှတ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

ယခုအခါ ကော့စ်ဘဇားနှင့် တက်ကနက်မြို့နယ်များ၏ အခြေအနေမှာ ငြိမ်သက် အေးဆေးနေကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေချ့် ငါးဖမ်းသမားများကို မြန်မာဘက်မှ ဒုက္ခသည်များ  ၀င်ရောက်ရာ ရေလမ်းကြောင်းတွင် ငါးသွားဖမ်းခွင့်ကို ပိတ်ပင်ထားကြောင်း သူက ပြောသည်။

“ သူတို့  ကို ငါးဖမ်းသွားရင်လည်း ထွက်တဲ့ အချိန်နဲ့ ၀င်တဲ့ အချိန်ကို အကြောင်းကြားရမယ်လို့ပြောထား တယ်။ ဘာဖြစ်လို့လည်း  ဆိုတော့ သူတို့က ဒုက္ခသည်တွေကို လျို့ဝှက် တင်ယူလာနိုင်တယ်လေ” ဟု  တပ်ရင်းမှူး Lt Col Zahid Hossain ကပြောသည်။

Most read this week