ကေအိုင်အိုအစိုးရအဖြစ် ရပ်တည်နိုင်ရန် ရဲတပ်ဖွဲ့များထပ်မံတိုးချဲ့ဖွဲ့စည်း

ကေအိုင်အိုအစိုးရအဖြစ် ရပ်တည်နိုင်ရန် ရဲတပ်ဖွဲ့များထပ်မံတိုးချဲ့ဖွဲ့စည်း
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရတစ်ခုအနေဖြင့်ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ရဲတပ်ဖွဲ့ရုံး သစ်တစ်ခုကို ဇွန် ၁၄ သောကြာနေ့တွင် KIO ထိန်းချုပ်နယ်မြေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အင်ဂွမ်လ (N-gumla) တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။

KIO မြောက်ပိုင်းတိုင်း ဌာနချုပ် အင်ဂွမ်လ
ယခင် ငြိမ်းချမ်းရေးသဘောတူညီမှုရထားချိန်ကာလက ရဲတပ်ဖွဲ့ ၂ ဖွဲ့ကို KIO ဗဟို ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာ ယန်တို့တွင် ဖွဲ့စည်းခဲ့ပြီး အခုတခါ အစိုးရနှင့် ငြိမ်းချမ်းရေးပျက်ပျယ်သွားချိန်တွင်း ပထမဦးဆုံး အသစ်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် ၁၄ ဦးဖြင့် အင်ဂွမ်လတွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင်က လိုင်ဇာ ဗဟိုဌာနချုပ်တွင်ဖွဲ့စည်းခဲ့သော အဖွဲ့တွင် ရဲတပ်သား ရ၀ ကျော်ရှိကာ မိုင်ဂျာယန်တွင်ဖွဲ့စည်းခဲ့စဉ် ၃၀ ကျော်ဖြင့် အားလုံးစုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၁၂၀ ရှိနေပြီဖြစ်ကြောင်း အရပ်ဖက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦးပြောသည်။

“၂၀၀၁ ခုနှစ်မှ စတင်လာတာဖြစ်တယ်။ နှစ်တိုင်းဖွင့်တာတော့မရှိဘူး၊ အမှတ်စဉ် (၁)၊ အမှတ် (၂) ဆိုပြီး သင်ပေးဒါတော့ရှိတယ်။ လူအင်အားဖြည့်တာပေါ့။” ဟု လိုင်ဇာဌာနချုပ် အရပ်ဖက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတဦးပြောသည်။

၎င်း ရဲဌာနကို KIA နယ်မြေ ၃ နေရာတွင် ဖွင့်လှစ်ထားခြင်းဖြစ်၍ KIO ဗဟိုဌာနချုပ်လိုင်ဇာတွင် ဗိုလ်မှူး ဂွမ်ရေ ရှရွယ် ဦးဆောင်ပြီး မိုင်ဂျာယန်တွင် ဗိုလ်ဝေဂျေးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အင်ဂွမ်လတွင် ဗိုလ်ဂရန်ဘရန်မိုင် ဦးဆောင်သည်။

KIO ရဲတပ်ဖွဲ့ဝင်များကို ၄င်းတို့ဌာနအသီးသီးတွင် ယာဉ်ထိန်းသိမ်းရဲ၊ အကျဉ်းထောင်နှင့် ဂိတ်များတွင် တာဝန်ချထားကြောင်း သိရသည်။
n-gumla-3
လတ်တလောတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေဆဲဖြစ်၍ ဌာနချုပ်လိုင်ဇာအနီး ပတ်ဝန်းကျင်တွင်မူ ပစ်ခတ်တိုက်ခိုက်မှုများ ခေတ္တရပ်နေဟန်ရှိသော် လည်း မြန်မာတပ်မှ စစ်အင်အားတိုးချဲ့ လျက် ဆက်လက်ပြင်ဆင်မှုများရှိနေကြောင်းသိရသည်။

ယနေ့ထိ KIO တပ်များရှိရာဒေသတွင်း တိုက်ပွဲများဆက်ဖြစ်ကြောင်း လိုင်ဇာမှ KIA အရာရှိပြောသည်။

“ခုတိုက်ပွဲဖြစ်နေတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) နေရာမှာ ဖြစ်နေတယ်။ ပြီးတော့ ဦးဇခုန်တိန့်ယိန်း အသွင်ပြောင်းအဖွဲ့ နယ်ခြားစောင့်တပ်ထိန်းချုပ်သောဒေသ ပန်ဝါဘက်မှာလည်း တိုက်ပွဲများဖြစ်နေဆဲပဲ။” ဟု အရာရှိပြောသည်။

မြစ်ကြီးနား-ဗန်းမော်၊ ဗန်းမော်-လိုင်ဇာလမ်း ဒေါ့ဖွမ်းယန်အနီးဝန်းကျင် နှင့် ဂန်ဒေါင်ယန်ဘက်တွင်လည်း စစ်အင်အားများ၊ လက်နက်များ ဆက်လက်တိုးချဲ့နေဆဲဖြစ်ရှိကြောင်း လိုင်ဇာမှ KIA အရာရှိ ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကိုယ်စားလှယ်များသည် ယခုရက်ပိုင်း လွယ်ဂျယ် ဖက်တွင် ထပ်မံတွေ့ဆုံမည်ဟုသိရသည်။

သို့သော် တဖက်မှာလည်း နှစ်ဖက် နိုင်ငံရေးဆွေးနွေးမှုများတွင် ငြိမ်းချမ်းရေးအကြောင်း ညှိနှိုင်းမှုပြုလုပ်နေ စဉ်ပင် KIO တပ်များရှိရာသို့ အစိုးရစစ်တပ်များ လက်နက်နှင့် စစ်အင်အား ရိက္ခာများ ထပ်မံဖြည့်နေဆဲဖြစ် ကြောင်း ဒေသခံများပြောသည်။

Most read this week